26 C
Yangon

ပင်းပက် သံမဏိစက်ရုံ နှင့် တီကျစ် ကျောက်မီးသွေး စက်ရုံကြောင့် အမျိုးသမီးများ သားပျက်သားလျောခြင်း အပါအဝင် ပြည်သူများ၏ ကျန်းမာရေး ဆိုးရွားလာ၊ မြေယာ သိမ်းဆည်းခံရမှုများ အလွန်များပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ရှမ်းပြည်နယ်၊ ပင်းပက် သံမဏိစက်ရုံ နှင့် တီကျစ် ကျောက်မီးသွေး စီမံကိန်းများကြောင့် အမျိုး သမီး များ သားပျက်သားလျောခြင်း အပါအဝင် ပြည်သူ များ၏ ကျန်းမာရေး ဆိုးရွားခြင်းနှင့် မြေယာ သိမ်းဆည်းခံရမှုများ အလွန်များပြားလာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး( PYO) က ထုတ်ဖော်ပြောဆိုသည်။

ရှမ်းပြည်နယ်တွင် သံမဏိစက်ရုံစီမံကိန်း ပင်းပက်(တောင်ကြီး)နှင့် ကျောက် မီးသွေးစက်ရုံ (တီကျစ်) စီမံကိန်းများကြောင့် ဒေသခံပြည်သူများမှာ အမှုန်အမွှားများကြောင့် အချိန်မတိုင်မီ အသက်သေဆုံးရခြင်း၊ အမျိုးသမီးများ သား ပျက်သားလျောခြင်း၊ အိုးမဲ့ အိမ်မဲ့ မြေယာမဲ့ခြင်းများ ဖြစ်ပေါ်လာခြင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးခြင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ ခံစားနေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး( PYO) က အစီရင်ခံစာထုတ်ပြန်ပြောဆိုသည်။

ပအိုဝ်းလူငယ်အစည်းအရုံး( PYO) ၏ “လွဲမှားနေသော မြေယာ သဘာဝသယံ ဇာတ စီမံခန့်ခွဲမှုနှင့် ဒေသခံတောင်သူတို့ဘဝ” အစီရင်ခံစာတွင် တောင်ကြီး ပင်း ပက်သတ္တုတွင်းလုပ်ဆောင်ရန် သီးနှံဖျက်ဆီးခံရသည့် တောင်သူများကို နစ်နာကြေးပေးရာတွင် တောင်သူ ၁၇ ဦးကို ပေးလျော်ရန် ကျန်ရှိနေသေးပြီး သတ္တုများ သယ်ဆောင်ရန် မီးရထားလမ်းဖောက်လုပ်ရန်အတွက် မြေယာသိမ်း ဆည်းခံရမှုများ ၊ မြေယာရောင်းချရန် ဖိအားပေးလုပ်ဆောင်မှုများနှင့် ကြုံတွေ့နေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ယနေ့ အောက်တိုဘာ ၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“တီကျစ်က လူနေအိမ်တွေမှာ ကျောက်မီးသွေးအမှုန်တွေက ကျတယ်။ လှဲကျင်းလို့လည်း မရဘူး။ အဲဒီအမှုန်တွေကို နေ့တိုင်း ရှူရှိုက်နေရတော့ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေရပြီး အရွယ်မတိုင်ခင် သေဆုံးတာတွေ ကြုံ တွေ့ရတယ်။ ပြီးတော့ အမျိုးသမီးတွေဆိုလည်း သားပျက်သားလျောတာတွေ၊ ကိုယ်ဝန်ပျက်ကျတာတွေ ၊ ပေါင်မပြည့်ဘဲ မွေးလာတာတွေ များလာပါတယ်” ဟု PYO မှ မနန်းဟုန်က အစီရင်ခံတွေ့ရှိချက်များကို ပြောပြသည်။

ထို့ပြင် မြေယာသိမ်းဆည်းခံရမှုများကို ဒေသခံများ ကြုံတွေ့နေရပြီး တီကျစ်မြေယာသိမ်းဆည်းမှုတွင် ဟိုပုံးရှိ တိုင်းဗဟို ၃ တပ်၊ BE တပ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ ၊ ဆီဆိုင်ရှိ ခြေမြန်တပ်ရင်း ခမရ (၄၂၃)၊ ခမရ (၄၂၄) ၊ အခြား သိမ်းဆည်းမြေ (အသွင်ပြောင်းပြည်သူ့စစ်) တို့က သိမ်းဆည်းနေကြကြောင်း သိရှိရသည်။

ပြည်သူများကို ထိခိုက်နေသည့် ရင်းနှီးမြှုပ်နှံမှုများအနက်မှ တောင်ကြီး (ပင်းပက်သံမဏိ စက်ရုံ) တွင် Tyazhprom export (TPE) ကုမ္ပဏီ၊ ငွေကမ္ဘာကျော်၊ ရှမ်းရိုးမ ကုမ္ပဏီများပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်း၊ ပင်လောင်း (တီကျစ်) စီမံကိန်းတွင် China National Heavy Machinery Corporation Company(CHMC) ၊ မြန်မာနိုင်ငံဧဒင်အုပ်စု၊ Wuxi Hua Quang(china) တို့က ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

ပင်းပက် သံမဏိစက်ရုံနှင့် တီကျစ်ကျောက်မီးသွေး စီမံကိန်းများကြောင့် ဟိုပုံးတွင် မြေသိမ်းခြင်း၊ စွန့်လွှတ်မြေယာများ မူလတောင်သူထံ ပြန်လည် မရောက်သေးခြင်းတို့ ကြုံတွေ့နေရပြီး ဆီဆိုင်မြို့နယ်တွင်လည်း မြေသိမ်းခြင်း၊ စွန့်လွှတ် မြေယာများ မူလတောင်သူထံ ပြန်လည် မရောက်သေးခြင်းတို့ အပါအဝင် သိမ်းဆည်းခံ မြေယာနှင့် ပတ်သက်ပြီး မူလပိုင်ရှင်တောင်သူများကို မြေသိမ်း ဆည်းသူ အကြမ်းဖက်စစ် စစ်တပ်မှ တရားစွဲဆိုခြင်းများလည်း ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article