ရန်ကုန်၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စု လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
ချင်းတွင်းမြစ်အတွင်း အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အလုံ စစ်ပင် ဆိပ်ကမ်းမှ ကနီနယ်အတွင်းသို့ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စု ၁၄ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုသည် ကနီဒေသ ချင်းတွင်း မြစ်ကမ်းဘေး ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး မင်းအို၊ ချိုင်၊ ဝက်ချောင်းလေး၊ အိုင်တောင် မြောက်ရွာ၊ အိုင်တောင်အရှေ့ရွာ များအနီးတွင် ညအိပ် တပ်စွဲခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ရေယာဥ် အုပ်စု လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် နတ်လာပို့တောင်ရွာအုပ်စု၊ နတ်လာပို့မြောက်ရွာအုပ်စု၊ အိုင်တောင်ကျေးရွာအုပ်စု၊ ချိုင်ကျေးရွာအုပ်စု၊ နတ်ကြီးကျေးရွာအုပ်စု၊ မုဌောအုပ်စု၊ ကနဲအုပ်စုနှင့် မဲဒင်အုပ်စုရှိ ကျေးရွာများမှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
” ဒီနေ့ဆိုရင် မုဌောအုပ်စု၊ ကနဲအုပ်စုနဲ့ မဲဒင်အုပ်စုက ကျေးရွာတွေက ပြည်သူတွေပါ ပြေးနေရတယ်။ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပြီးပစ်နေတော့ ပြည်သူတွေအကုန်လုံးက ပြေးနေရတာပေါ့။ စစ်ခွေးတွေကလည်း ဘယ်က ဘယ်လာ ဘယ်သွား ဘာလုပ်မလဲ မသိရဘူးလေ။ စစ်ခွေးတွေက ရေကြောင်း ပြောပြီး ကုန်းလည်း တက်ချင်တက်တာ ငတ်ပြတ်လာရင်ပေါ့။ ပြည်သူ ထိခိုက်တာတော့ မကြားမိသေးဘူး ။ နေအိမ်တစ်ချို့ လက်နက်မှန်တာတွေရှိတယ်” ဟု ကနီမြို့နယ်အတွင်းရှိ စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုပြည့်အောင်နိုင် (ကနီ)က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုသည် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆက်လက် ဆန်တတ်လာပြီး ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။