32 C
Yangon

လူမရှိသော ကြိတ်စခန်းတွင် စစ်သား ၇၀ ဝန်းကျင်ဖြင့် ပြန်လည် စခန်းချနေ၊ ကြိတ်စခန်းသို့ လာရာ လမ်းတလျှောက် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိမှန်သလို ပြည်သူပိုင် ပစ္စည်းများကို လုယူခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

KNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စွန့်ပစ်ထားသော ကြိတ်စခန်းကို စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး စခန်းတွင် ပြန်ထိုင်နေကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာလ ၂၉ ရက် နံနက်အစောပိုင်းတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲမှ ကြိတ်စခန်းဘက်သို့ စစ်ကြောင်းထိုးလာပြီး လမ်းတလျှောက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အများပြည်သူနေအိမ်အချို့ ပျက်စီးခဲ့သလို နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများကို အဓမ္မ လုယူကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကျိုက်ဒုံကနေ စထွက်လာတာ ၉ လပိုင်း ၂၉ ရက် မနက် ၅ နာရီ၊ ကော့တနော်ရွာကို ရောက်တော့ အိမ်တွေပေါ်လိုက်တက်ပြီး တန်ဖိုးရှိတာတွေ ပိုက်ဆံတွေ ယူတယ်။ သူတို့ လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးတွေ ရမ်းပစ်တယ်။ ကွင်းကလေးနဲ့ ထီးဖိုးမယ်တား ရွာတွေထဲ ကျတယ်၊ ကွင်းကလေးက ဆေးပေးခန်းနဲ့ နေအိမ် ၄ လုံးလောက် ပျက်စီးတယ်၊ ရွာသားနှစ်ယောက် ဒဏ်ရာရတယ်။ ရွာသားတစ်ယောက်ရဲ့ ဖုန်းနှစ်လုံးကို လုတယ်။ နောက် ဈေးဆိုင်မှာ ပိုက်ဆံမပေးဘဲ စားတယ်၊ သူတို့စားတာတွေ တစ်သိန်းဖိုးလောက်ရှိတယ်၊ ပိုက်ဆံ နှစ်သိန်းလည်း ယူသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အင်အား ၇၀ ခန့်ပါဝင်သော အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စကခ ၁၃ လက်အောက်ခံ ခမရ ၄၃၂၊ ခမရ ၅၅၇ နှင့် ခမရ ၅၆၁ မှ ဖြစ်ပြီး ၂ ရက်နေ့ ညနေပိုင်းတွင် ကြိတ်ကျေးရွာသို့ ရောက်ရှိလာကာ ကျိတ်စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် နယ်မြေရှင်းလင်းကြောင်း၊ ယင်းနောက် ကြိတ်စခန်းတွင် စစ်ကောင်စီတပ်များ ပြန်လည် စခန်းချနေကြောင်း သိရှိရသည်။

ကြိတ်ကျေးရွာရှိ စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၂ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အများကို KNLA က သိမ်းဆည်းရမိခဲ့သည်။

ဓါတ်ပုံ – ကြိတ်စခန်းကို KNLA တပ်ဖွဲ့က ပထမအကြိမ် ဝင်ရောက်ရှင်းလင်းထားစဉ်

Photo – ပေးပို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article