29 C
Yangon

ကျောက်ဆည်မြို့နယ်၊ တံတားဦးကျေးရွာမှ အသက် ၄၇ နှစ် အရွယ် ဒေါ်သိန်းဌေးကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်၊ အလောင်းတွင် ဒဏ်ရာ ဒဏ် ချက်များ အညိုအမည်းများ ပြည့်နှက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တံတာဦးကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဒေါ်သိန်းဌေးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှု ဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီ၏ ဒေါက်တိုင် လူမိုက် ထောင် ထွက် ပျူစောထီး မြတ်ထွန်းကို သေနတ်သမားတချို့က သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ခဲ့ကြောင်း၊ လူမိုက်ထောင်ထွက် မြတ်ထွန်းသည် လက်ရှိတွင် မန္တလေးဆေးရုံသို့ တင်ပို့ ကုသနေရကြောင်း၊ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီး နောက်စစ်တပ်က ရမ်းသမ်းဖမ်းဆီးပြီး ပြည်သူများကို သတ်ဖြတ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၁၂ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ တံတာဦးကျေးရွာမှ ဒေါ်သိန်းဌေးကို စစ်ကား ၃ စီးဖြင့် စစ်တပ်က နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် ညှဉ်းပန်းနှိပ်စက်ပြီး ဒေါ်သိန်းဌေး၏ အလောင်းကို အောက်တိုဘာလ ၄ ရက်နေ့တွင် လာယူရန် အကြောင်းကြားခဲ့ကြောင်း၊ ဒေါ်သိန်းဌေး၏ အလောင်းတွင် ညှဉ်းပန်းနှိပ်စက်သည့်ဒဏ်ရာများ အပြည့်ရှိနေကြောင်း သိရှိရသည်။

“လူမိုက် မြတ်ထွန်း အပစ်ခံရပြီးတဲ့နောက်မှာ ကျောက်ဆည်မြို့နယ် တံတားဦးကျေးရွာမှ ဒေါ်သိန်းဌေး အသက် ၄၇ နှစ်ကို အကြမ်းဖက်စစ်တပ်က နေအိမ်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှိပ်စက်သတ်ဖြတ်ပါတယ်။ လာဖမ်းတဲ့အချိန်က စစ်သားတွေက စစ်ကား ၃ စီးနဲ့ လာဖမ်းတာပါ။ အောက်တိုဘာလ ၄ ရက်နေ့ အလောင်းလာယူဖို့ မိသားစုကို အကြောင်းကြားလာလို့ သွားရောက်ထုတ်ယူခဲ့ရာ အလောင်းမှာ နှိပ်စက်ဒဏ်ရာများစွာနဲ့ သေဆုံးနေတာပါ။ ဘာလို့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်လဲဆိုတာ ကျေးရွာလူထုက နားမလည်‌နိုင်အောင်ဖြစ်နေကြပါတယ်။ ဒေါ်သိန်းဌေးရော သူ့မိသားစုမှာ အနေအေးပြီးရိုးသားစွာနေထိုင်သူများဖြစ်ကာ လူမမယ်ကလေးငယ်နဲ့ အမျိုးသားကျန်ရစ်ခဲ့ပါတယ်။ ဒေါ်သိန်းဌေးရဲ့ နာရေးကို ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်” ဟု တံတားဦးကျေးရွာမှ ဒေသခံက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၊ သွေးသောက်အဖွဲ့များက ညောင်ဦး၊ နွားထိုးကြီးနှင့် ရန်ကုန်တိုင်း တောင်ဒဂုံမှ NLD ပါတီဝင်များ၊ အမျိုးများ၊ PDF ထောက်ပံ့သည်ဟု မသင်္ကာသူများကို ယခုရက်ပိုင်းအတွင်း သတ်ဖြတ်လျက်ရှိရာ စက်တင်ဘာလ ၂၉ ရက်နေ့မှ ယနေ့အထိ ၁၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်သော ဒေါ်သိန်းဌေး၏ အလောင်းကို ယနေ့ သဂြိုလ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article