ရန်ကုန်၊ အောက်တိုဘာ ၅
ရန်ကုန် ရွှေပြည်သာမြို့နယ် ၂၆ ရပ်ကွက် ကျောင်းကုန်း အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် Yangon UG Association (YUA)၏ အဖွဲ့ဝင် ဖြစ်သော Generation Z Defence Force (GZDF) မြို့ပြပြောက်ကျား တပ်ဖွဲ့မှ အဝေးထိန်းဗုံး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ထောက်တိုင် ရုံးစာရေး တစ်ဦးနှင့် ဧည့်စာရင်းလာတိုင်သူ တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန် တောင်ဒဂုံမြို့နယ် ယုဇနဥယျာဥ်မြို့တော် ၉၂ ရပ်ကွက် ကံကော်လမ်းပေါ်ရှိ စစ်တပ် ထောက်တိုင် ရွှေမြင့်မိုရ် အဖျော်ယမကာ စတိုးကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းအဖျော်ယမကာ စတိုးသည် ၉၂ ရပ်ကွက် ရာအိမ်မှူး အောင်ကျော်စော ပိုင်ဆိုင်ပြီး လောင်စာဆီ မှောင်ခိုလုပ်ငန်းဖြင့် စစ်တပ် ထောက်တိုင်အဖြစ် ရပ်တည်နေသောကြောင့် ဒဂုံတောင်မြို့ပြပြောက်ကျား တပ်ဖွဲ့ (SDGF)နှင့် ဒို့ရိုးရာညီနောင်များ ပြောက်ကျား တပ်ဖွဲ့တို့က အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီ ၅၂ မိနစ်တွင် သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာရှိ ရာအိမ်မှူး အောင်ကျော်စော ပိုင်ဆိုင်သည့် မော်တော်ယာဥ် ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်ရဲများ။
Photo- အီးပီအေ။