20 C
Yangon

ခင်ဦးတွင် စစ်တပ်က လမ်းပိတ်ဆို့ထား၍ ကားမျိုးစုံ ၁၂၇ စီးနှင့် ခရီးသည် ၃၀၀ ကျော် ၇ ရက်ကျော် ပိတ်မိနေပြီး ဆိုင်ကယ်များအားလုံးကို သိမ်းဆည်းခံရ၊ ဖြတ်လေးဖြတ်ကြောင့် ခင်ဦးတွင် စားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီများ စတင်ပြတ်တောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က လမ်းများပိတ်ဆို့ထား၍ ကားမျိုးစုံ ၁၂၇ စီးနှင့် ခရီးသည် ၃၀၀ ကျော် ၇ ရက်ကျော် ပိတ်မိနေကြောင်း ခင်ဦးဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှဖြတ်သွားရသည့် ရေဦး ညောင်ပင်ကြီးစု ညောင်ပင်သာ ရွှေဘို ကားလမ်းကို စက်တင် ဘာ လ ၃၀ ရက်နေ့ မှစတင်ပြီး ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေး ကျောင်းတွင်တပ်စွဲထားသော စစ်တပ်က ပိတ် ဆို့ထားပြီး သဲအိတ်များဖြင့် လမ်းမကြီးအား ပိတ်ကာထားကြောင်း၊ ရေဦး- ရွှေဘိုလမ်းပေါ်တွင် သွားလာနေသော ကားများ ခင်ဦးမြို့နယ်အတွင်းပိတ်မိနေသည်မှာ ၇ရက်ရှိခဲ့ပြီဖြစ်ရာ ကုန်ကား အိမ်စီးကား ခရီးသွားလိုင်းကား အပါအဝင် ကားအစီးရေ ၁၂၇စီး စုစုပေါင်း လူဦးရေ ၃၀၀ ကျော် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

“ပိတ်မိနေတဲ့ ပြည်သူတွေကို အနီးအနားရွာတွေက ထမင်း တစ်နပ်ကို ၁၀၀၀ နှုန်းနဲ့ စီစဉ်ပေးကြတယ်။ အလှူရှင်ရှိရင်လည်း ကျွေးပေးတယ်။ အနီးအနားရွတွေက ကူညီစောင့်ရှောက်ပေးနေရတယ်” ဟု ခင်ဦးဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က ခင်ဦးမြို့နယ်ကို ဆက်သွယ်ရေး၊ အစား အသောက်၊ ရိက္ခာ ကုန်ပစ္စည်း လမ်းကြောဖြတ်တောက်သည့် အနေဖြင့် အောက်တိုဘာလ ၅ ရက်နေ့ ရွှေဘို ခင်ဦး မဟာနန္ဒာ ကန်တော်လမ်း(OMCမူးဘောင်)တွင် ကန်တော်မှ သီးကုန်းရွာအထိ လမ်းတစ်လျှောက် တွေ့ရှိသောဆိုင်ကယ်အားလုံး၊ အိမ်ရှေ့၊ဆိုင်ရှေ့တွင် ရပ်ထားသည့်ဆိုင်ကယ်ပါမကျန်ကို အစီးရေ ၆၀ ကျော်ကို ကား ၃စီးဖြင့် စစ်တပ်က သိမ်းဆည်းယူဆောင်သွားကြောင်း၊ လိုင်စင်ပါသောဆိုင်ကယ်များ ပြန်ရွေးလိုလျှင် တစ်စီး ၂သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းပြီး လိုင်စင်မပါသောဆိုင်ကယ်များကို ပြန်မပေးတော့ကြောင်း သိရှိရသည်။

“အခုဆိုရင် ခင်ဦးမြို့နယ်မှာ စက်သုံးဆီ စားသုံးဆီနဲ့ စားသောက်ကုန်များ လည်း အချို့ပြတ်တောက်နေပီလို့သိရပါတယ်။ စစ်တပ်က ခင်ဦးကို ရိက္ခာဖြတ်၊ ဆက်သွယ်ရေးဖြတ်၊ ငွေကြေးဖြတ်၊ လမ်းကြောင်းဖြတ်၊ အင်အားဖြတ်တောက် တာတွေ လုပ်နေတာထင်သာမြင်သာတယ်” ဟု ခင်ဦးဒေသခံက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်တပ်က လည်း ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article