25 C
Yangon

ကန့်ဘလူ၊ ဇော်ချောင်းရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ၊ သင်တောရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စီးနင်းနေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ၄ ကြိမ်မြောက် ဝင်ရောက် စီးနင်းကာ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာများကို အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် ဇော်ချောင်းရွာကို ၄ ကြိမ်မြောက် ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

” ဇော်ချောင်းရွာက အိမ်ခြေ ၁၈၀ လောက်ရှိပါတယ်။ အခုအကြိမ်ကောဆိုရင် ၄ ကြိမ်မြောက် မီးရှို့ခံရတာ ခမရ-၃၆၃က စစ်ခွေးတွေ ရှို့နေတာ ရွာသားတွေကတော့ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ စစ်ခွေး စစ်ကြောင်းက ၃ ရက်ရှိပြီး စစ်ကြောင်းထိုးနေတာ ချပ်ကုန်းရွာ တောင်ဘက် ဇော်ချောင်းကျေးရွာဘက်ကနေ စထွက်ပြီးတော့ ချပ်ကုန်းကျေးရွာသား ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အဲ့ ၂ ဦးက ပြန်မလွတ်သေးပါဘူး။ အဲ့နေ့က ဇော်ချောင်းရွာက နေအိမ် ၃ လုံး မီးရှို့ခံရတယ်။ ပြီးတော့ ဇော်ချောင်းရွာမှာ ညအိပ်ပါတယ်။ လွင်ကြီးရွာကို ထပ်ဝင်စီးပြီးတော့ တစ်ညအိပ်ပါတယ်။ ဒီနေ့ လွင်ကြီးရွာကနေ ပြန်ထွက်လာပြီး ဇော်ချောင်းရွာကို ထပ်ပြီး မီးရှို့တာပေါ့” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဇော်ချောင်းရွာကို ပထမအကြိမ် မီးရှို့ ဖျက်စီးမှုကြောင့် နေအိမ် ၁ လုံး၊ ဒုတိယအကြိမ် မီးရှို့ဖျက်စီးမှုကြောင့် အိမ်ခြေ ၉၃ လုံး၊ တတိယအကြိမ် မီးရှို့ဖျက်စီးမှုကြောင့် အိမ်ခြေ ၃ လုံး မီးလောင်ပြာကျခဲ့ပြီး လက်ရှိ ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် မည်မျှ ဆုံးရှုံးသွားသည်ကို အတည်မပြုနိုင်ကြောင်း ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

” ဇော်ချောင်းရွာက အိမ်ခြေ ၁၈၀ ကျော်ရှိတယ်။ ၃ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၉၇ လုံးက ပြာကျပြီးပြီ အခုက အရေအတွက် မသိရသေးဘူး။ ရွာမှာ လူဦးရေ ၁၀၀၀ ခန့်ရှိတယ်။ ယခုအခါရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်။ ဇော်ချောင်းရွာထဲက စစ်ခွေးတွေကတော့ ပြန်ဆုတ်သွားပြီး ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ သင်တောရွာထဲကို စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပစ်ပြီး ထပ်မံ ဝင်ရောက် စီးနင်းနေတယ်။ ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article