ရန်ကုန်၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှ မြို့နယ်တရားသူကြီး ရာဇာမင်းစိုးသည် ယနေ့ ညနေပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန် မူဆယ်မြို့နယ်တရားရုံးမှ ပြန်လာသော တရားသူကြီး ရာဇာမင်းစိုးသည် မူဆယ် မြို့လယ်ခေါင်တွင် သေ နတ်ဖြင့် ၄ ချက် အပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများက ဆို သည်။
“ခေါင်းရယ်၊ ရင်ဘတ်နဲ့ ဗိုက်ကို ၄ ချက်အပစ်ခံရပါတယ်။ ဆိုင်ကယ်နဲ့ပဲ ပစ်သွားတာ။ အပစ်ခံရကတည်းက ဆေးရုံပို့ပေမယ့် ဆုံးသွားပါတယ်။ ဘယ်အဖွဲ့ကလဲတော့ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင် (၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းတွင် စစ်အရာရှိဟောင်း သိန်းမြင့်ဦး ယနေ့ ညနေ ၆ နာရီ ၃ မိနစ်အချိန်တွင် ပစ်ခတ်ခံရသဖြင့် လဲကျသွားကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲများက တပင်ရွှေထီးလမ်းအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကို လမ်းများ ပိတ်ဆို့ထားကြောင်း သိရှိရသည်။
“သေသွားပါပြီ။ အခု စစ်တပ်ရော ရဲရော အများကြီးပဲ တပင်ရွှေထီးလမ်းကို ပိတ်ချလိုက်တယ်။ စစ်လည်း စစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ခရိုင်ရုံးအတွင်း ယမန်နေ့ ညပိုင်း ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် ကျောက်မဲခရိုင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းငယ်ပျက်စီးမှုမှ အပ မည်သည့်ထိခိုက်မှုမှ မရှိကြောင်း၊ ယနေ့တွင် ကျောက်မဲမြို့တစ်ခုလုံး စစ်တပ်နှင့်ရဲက လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- မူဆယ်တရားသူကြီး ရာဇာမင်းစိုး စီးနင်းလာသော ကား ပစ်ခတ်ခံထားရစဉ်။