26 C
Yangon

မူဆယ်တွင် ပစ်ခတ်ခံရပြီးသေဆုံးသော တရားသူကြီး ရာဇာမင်းစိုး လာဘ်ပေးလာဘ်ယူ နာမည်ကြီးပြီး ပြည်သူများ၏ ဆန္ဒပြမှု ခံခဲ့ရသူဖြစ်၊ စစ်တပ်ထောက်ခံသော ဒေါက်တိုင်စစ်စစ်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း ပစ်သတ်ခံလိုက်ရသော မြို့နယ်တရားသူကြီး ရာဇာမင်းစိုးသည် လာဘ်ပေးလာဘ်ယူမှုဖြင့် နာမည်ကြီးပြီး လာဘ်ယူ၍ အမှု ဆုံးဖြတ်ခဲ့မှုကြောင့် ပြည်သူများကိုယ်တိုင် ဆန္ဒပြခဲ့သူဖြစ်ကြောင်း ရှေ့နေအသိုင်းအ၀ိုင်းက ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုးကို မူဆယ်မြို့လယ်တွင် ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ရှေ့နေလောကမှာတော့ တရားသူကြီးဦးရာဇာမင်းစိုးက ငွေ အတောင်းကြမ်းတယ်ဆိုတာ သိကြတယ်။ အဲဒီလို ငွေယူပြီး အမှုဆုံးဖြတ်တာတွေကြောင့် ၂၀၁၉ ခုနှစ် သူ ရေနံချောင်းတရားသူကြီး အဖြစ် တာဝန်ကျတုန်းက အတိုင်ခံရတယ်။ ဆန္ဒပြခံရတယ်။ အဲဒီနောက်ပိုင်းမှာလည်း သူနဲ့ပတ်သက်တဲ့ တိုင်စာတွေ တောက်လျှောက်ဆိုသလိုရှိတယ်။ လာဘ်ပေးလာဘ်ယူနေရမှာတော့ နာမည်ကြီးပါတယ်” ဟု တရားသူကြီး ရာဇာမင်းစိုးနှင့်ပတ်သက်ခဲ့ဖူးသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ရာဇာမင်းစိုး ရေနံချောင်းတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အဂတိလိုက်စားပြီး တရားစီရင်နေသည်ဟုဆိုကာ ၎င်းကို ရေနံချောင်းမြို့နယ် လွန်ပင်ရှိုကျေးရွာ ဒေသခံပြည်သူများ က ဇန်နဝါရီ ၂၅ ရက် နေ့မှစတင်၍ ၇ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပြီး အဂတိကော်မရှင်ကိုလည်း တိုင်ကြားခဲ့ကြသည်။

ရေနံချောင်း ၊ လွန်ပင်ရှိုကျေးရွာပိုင် အဝီစိစက်ရေတွင်းမှ သံပိုက်များကို အလွဲသုံးစားမှုဖြင့် ကျေးရွာဒေသခံများက အုပ်ချုပ်ရေးမှူး ဦးသန်းမိုးနှင့် ဦးစိန်မောင်ညွှန့်ကို တရားစွဲခဲ့ရာတွင် ရာဇာမင်းစိုးက လာဘ်ယူ၍ တရားစွဲခံရသူ အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးစလုံးတွင် အပြစ်မရှိဟုဆိုကာ အမှုမှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် လွန်ပင်ရှိုကျေးရွာသားများက ရာဇာမင်းစိုးကို ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် မူဆယ်တရားသူကြီး ရာဇာမင်းစိုးသည် စစ်တပ်ထောက်ခံသူဖြစ်ပြီး တာဝန်ကျနေရာတိုင်း စစ်တပ်နှင့် အဆင် ပြေအောင် ပေါင်းသင်းဆက်ဆံတတ်သူဖြစ်ကြောင်း၊ လက်ရှိ စစ်အာဏာရှင် တော်လှန်ရေး သမားတချို့နှင့် နိုင်ငံရေးအမှုများတွင် ၎င်းက အမိန့်ချမှတ်ခဲ့မှုများရှိကြောင်း သိရှိရသည်။

“သူက စစ်တပ်ကို ဘယ်တော့မှ မဆန့်ကျင်ဘူး။ စစ်တပ် ဒေါက်တိုင်တိုင်စစ်စစ်ဆိုရင်လည်းမမှားဘူး။ သူ အမိန့်ချမှတ်ခဲ့တဲ့ နိုင်ငံရေးအမှုတွေ ရှိတယ်လို့ သိထားပါတယ်။ ဒါပေမယ့် အရေအတွက်တော့ ကျနောတို့လည်း အတိအကျ မသိရဘူး” ဟု ရှေ့နေအသိုင်းအ၀ိုင်းက ဆိုသည်။

မူဆယ်တရားသူကြီး ရာဇာမင်းစိုး ပစ်သတ်ခံရမှုသည် နိုင်ငံတစ်ဝန်း တရားသူကြီးအသိုင်းအ၀ိုင်းတွင် ရိုက်ခတ်မှု ကြီးနေပြီး လုံခြုံရေးအတွက် စိုးရိမ်ပူပန်များကို လူမှုကွန်ရက်တွေ မှတ်ချက်ပေး ပြောဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article