ရန်ကုန်၊ အောက်တိုဘာ ၇
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားသို့ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့များက စစ်အာဏာရှင် ချေမှုန်းရေး လက်တွဲဆောင်ရွက်သွားကြမည်ဟု သဝဏ်လွှာပေးပို့ ဂုဏ်ပြုကြသည်။
TPLF ကို ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည်မှာ အောက်တိုဘာလ ၆ ရက် ယမန်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
လူမျိုးကြီးဝါဒကြောင့်ဖြစ်စေ၊ စစ်အာဏာရှင်တို့ကြောင့်ဖြစ်စေ ခေတ်အဆက်ဆက် ခံစားလာခဲ့ရသော အရာများ၊ ဖိနှိပ်အနိုင်ကျင့်ခံခဲ့ရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရခြင်းများတို့အား အဆုံးသတ်သင့်သောအချိန် ရောက်လာပြီဖြစ်သည့်အတွက် အဆုံးသတ်ပစ်ရမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒု-စစ်ဦးစီးချုပ် ဘောကျော်ဟဲက TPLF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာပေးပို့သည်။
ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုနှင့် လွှမ်းမိုးချုပ်ကိုင်မှုတို့ကို ဖြိုဖျက်ပစ်ရန် ဇွဲနပဲရှိမှု၊ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းလုပ်ဆောင်မှုများ ရှိရမည်ဖြစ်ကြောင်းနှင့် အချင်းချင်း အပြန်အလှန်နားလည်မှုနှင့် လက်တွဲလုပ်ဆောင်မှု လုပ်ရန် လိုအပ်ကြောင်း KNLA ဒုတိယ စစ်ဦးစီးချုပ်က သဝဏ်လွှာတွင် ရေးသားဖော်ပြသည်။
အလားတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပေးပို့သော သဝဏ်လွှာတွင် TPLF ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် မူဝါဒများကို ထောက်ခံအားပေးပြီး ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် လက်တွဲလုပ်ဆောင်နိုင်မည်ဟု တထစ်ချယုံကြည်ကြောင်းနှင့် တတ်နိုင်သည့် အကူအညီများကို တတ်စွမ်းသ၍ ပံ့ပိုးကူညီသွားမည်ဟု ရေးသားဖော်ပြသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကလည်း TPLF နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် ပြည်သူ့အောင်ပွဲသို့ လက်တွဲညီညီ ချီတက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။
TPLF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားသို့ KNLA၊ KNDF၊ မွန် MSDF-South၊ ပြည်သူ့တော်လှန်ရေးအင်အားစု (အနောက်ပိုင်းဒေသ)၊ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော)၊ ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်း၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၊ ထားဝယ်ခရိုင် PDF တပ်ရင်း ၂၊ တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများကွန်ရက်တို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF တပ်ဖွဲ့ဝင်များ