ရန်ကုန်၊ အောက်တိုဘာ ၇
မြန်မာအကြမ်းဖက်စစ်တပ်အတွက် လက်နက် တင်သွင်းသူ အောင်မိုးမြင့်၊ လှိုင်မိုးမြင့်နှင့် မျိုးသစ္စာတို့ကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပြီး ရဲချုပ်နှင့်ပြည်ထဲရေးဒုဝန်ကြီးဟောင်း သန်းလှိုင်ကို အမေရိကန်လာရောက်ခွင့်ပိတ်ပင်လိုက်ကြောင်း အမေရိကန်အစိုးရ တရားဝင် ထုတ်ပြန်ကြေညာသည်။
၁၈လကျော်ကာလ စစ်တပ်အာဏာသိမ်းသည့်အချိန်မှစပြီး မြန်မာစစ်တပ်သည် မိမိတို့ စိတ်တိုင်းကျအုပ်ချုပ်နိုင်စေရန် ရက်စက်ကြမ်းကြုတ်စွာ ကြိုးပမ်းရာတွင် လူပေါင်းထောင်ချီသတ်ဖြတ်ခြင်း၊ လူပေါင်း တစ်သန်းကျော် နေရပ်စွန့်ခွာစေခြင်းနှင့် ဒီမိုကရေစီလိုလားသော ဦးဆောင်လှုပ်ရှားသူများ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် သတင်းထောက်များကို ဖမ်းဆီးထိန်သိမ်းခြင်းစသည့် အကြမ်းဖက်မှုများကို မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းပေးသူ အောင်မိုးမြင့်၊ လှိုင်မိုးမြင့်၊ မျိုးသစ္စာ နှင့်အတူ Dynasty International Company Limited တို့ကို အမေရိကန်သမ္မတအမိန့်ဖြင့် အရေးယူလိုက်ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရေးယူသတ်မှတ်မှုများသည် အာဏာရှင်အဖွဲ့အစည်းက ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှုနှင့် စက်တင်ဘာ ၁၆ တွင် အနည်းဆုံးကလေးငယ် ၁၁ဦး သေဆုံးခဲ့ရသည့် ရဟတ်ယာဉ်နှင့် စာသင်ကျောင်းကို တိုက်ခိုက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်ဆောင်ရွက်နိုင်ရန် စစ်တပ်ကို အားပေးအားမြှောက်ပြုနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ယခုအရေးယူမှုများသည် ရုရှားနှင့် ဘီလာရုစ် စစ်တပ်များနှင့် မြန်မာစစ်တပ်အကြား ကာလရှည်ကြာတည်ရှိခဲ့သည့် ဆက်ဆံမှုကိုလည်း သက်ရောက်စေကြောင်း၊ ယူကရိန်းကို တရားမဝင်ကျူးကျော်ခဲ့သည့် ရုရှကို အားပေးထောက်ခံနေသည့် မြန်မာနိုင်ငံနှင့် အခြားဒေသများမှသူများနှင့် ရုရှနှင့် ဘီလာရုစ်နိုင်ငံတို့က မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက ၄င်း၏ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပံ့ပိုးကူညီနေမှုများကိုလည်း အမေရိကန်၏ ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့အရေးယူမှု အခွင့်အာဏာကို ဆက်လက်အသုံးချပြီး ပစ်မှတ်ထား အရေးယူသွားမည်ဖြစ်ကြောင်း အမေရိကန်ကဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း (ဦး)သန်းလှိုင်ကိုလည်း အမေရိကန်သို့ ခရီးသွားလာခွင့်ပိတ်ပင်လိုက်ကြောင်း၊ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဥပဒေမဲ့သတ်ဖြတ်ခြင်းကဲ့သို့ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂ နိုင်ငံရပ်ခြားလုပ်ငန်းဆောင်ရွက်ရေးနှင့် ဆက်စပ်အစီအစဉ်များလျာထားချက်အက်ဥပဒေ အရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- လက်နက်ပွဲစား အောင်မိုးမြင့်နှင့် ရဲချုပ်ဟောင်း သန်းလှိုင်။