ရန်ကုန်၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ဆင်လီရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်ပြီး ရွှေ ငွေများ ခိုးယူကာ နေအိမ်နှင့်ကားများကို ဖျက်ဆီးကြောင်း၊ ကျေးရွာရေကန်ကို အဆိပ်ခတ်ပြီး အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆင်လီရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ စက်တင်ဘာ ၂၉ ရက်နေ့ ဝင်ရောက်ကာ ရွာထဲရှိ ကား၊ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ နေအိမ်များအတွင်း ဝင်ရောက် မွှေနှောက်ကာ သိန်း ၁၅၀ နှင့် ရွှေများ ခိုးယူသွားကြောင်း၊ တိရစ္ဆာန်များကို သတ်စားခဲ့ပြီး ရွာသားများ အသုံးပြုနေသည့် ကျေးရွာ ရေကန်တွင်လည်း အဆိပ်ခတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၆ ရက်နေ့တွင် ပြန်ထွက်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“နမ္မတူမြို့နယ် ဆင်လီရွာရေကန်ကို အဆိပ်ခပ်ခဲ့တာ ။ ရွာက လူတွေသောက်တဲ့ ရေကန်မှာ ခပ်ခဲ့တာ။ အဆိပ်ကြောင့် သောက်မရတော့ဘူး။ တိုက်ပွဲစဖြစ်တာက ၉ လပိုင်း ၂၉ ရက်နေ့က။ တိုက်ပွဲစဖြစ်တာ နှစ်ရက်လောက်တော့ငြိမ်နေပြီး တစ်ရွားလုံးတော့ထွက်ပြေးနေရတယ်။ ရွာကို ပြန်ဝင်လို့ မရသေးဘူး။ တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဆင်လီရွာအနီးတွင် PDF နှင့် KIA ပူပေါင်းတပ်များက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများသည်ဟု ကြားရကြောင်း၊ ဆင်လီရွာသားများမှာ ကျေးရွာအတွင်းသို့ ပြန်မဝင်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။