ရန်ကုန်၊ အောက်တိုဘာ ၈
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂၂ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇ ဦးသေဆုံး
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် People’s Defence Force Yenangyaung၊ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်း YRF တပ်ရင်း ဗိုလ်နားပေါက် အဖွဲတို့က စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီးအများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရေဦးနှင့် တန့်ဆည် မြို့နယ် အစပ် ထိတွေ့ တိုက်ပွဲတွင် စစ်သား ၁၀ ဦးသေဆုံး
စစ်ကိုင်းတိုင်း ရေဦးနှင့် တန့်ဆည် မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့ စစ်တပ်စစ်ကြောင်းက တန့်ဆည်နှင့် ရေဦးမြို့နယ် အစပ်ရှိ တပ်သစ်ကျေးရွာနှင့် တောင်ရွာ သို့ ရောက်ရှိလာစဥ် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ နှင့် SSTF (MRDA ခွဲ-ခင်ဦး )တို့က ပူးပေါင်း တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကြံခင်း၊ ပန်းရံစုရွာ အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ပန်းရံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၆ ရက်နေ့တွင် ကြံခင်း ပကဖ အဖွဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပန်းရံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ကြံခင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုသည် စစ်တပ် ဒေါက်တိုင်အုပ်ချုပ်ရေးမှူးရုံးအား သတိပေး ဖောက်ခွဲခြင်းဖြစ်ကြောင်း၊ စစ်တပ် လက်ပါးစေများ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အပေါ် စစ်ကောင်စီ အလိုကျ သတင်းပေးနေခြင်းများ၊ စစ်ကောင်စီအလိုကျ ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် သတိပေး ဖောက်ခွဲခြင်း ဖြစ်ကြောင်း သိရသည်။
တန့်ဆည်ရှိ ပျူစောထီးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ပျူစောထီးများ တပ်စွဲထားသော အင်္ကု
က္ကား ရွာကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်္ကုက္ကားရွာရှိ ပျူစောထီးအဖွဲ့များကို အောက်တိုဘာလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် တန့်ဆည် ပကဖအဖွဲ့မှ လျှော့တိုက် ဒုံးများဖြင့် ပစ်ခတ်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိကာ အရေအတွက် အတည်မပြုနိုင်သေးဘဲ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသည် ပျူစောထီးအဖွဲ့ဝင် အများစု နေထိုင်ပြီး အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဆက်ကြေး တောင်းခံခြင်းများ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်မြစ်တွင် စစ်သင်္ဘာအုပ်စု ပစ်ခတ်တိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ
ချင်တွင်းမြစ်အတွင်း မုံရွာမြို့မှ ကနီမြို့သို့ ဆန်တက်လာသော စစ်တပ် ထောက်ပို့ ရေယဥ်များနှင့် စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုကို အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်မှ စတင်ပြီး အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉နာရီ အထိ တော်လှန်ရေး တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်က ၅ နေရာခွဲကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားကြောင်း သိရသည်။
အဆိုပါ စစ်တပ် ရေယာဥ် အုပ်စုကို Independence Army – IA ၊ Kani Guerilla Force – KGF ၊ Kani People Defence Force – 01 – KPDF-1 ၊ Kani Chindwin Revolution Force – KCDRF ၊ DRPA ၊ ရွှေတြိဂံတပ်ရင်း ၊ ဗိုလ်နောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မုံရွာဗိုလ်သံမဏိတပ်ရင်း – MPDF၊ Black Shadow တပ်ဖွဲ့ များနှင့် နယ်မြေခံပကဖ တပ်ဖွဲ့များတို့က စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချောင်းဦး၊ ကံဆည်းရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဆည်းရွာ ပျူစောထီးစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၅ ဦးသေဆုံးကြောင်း PDF တပ်ဖွဲ့များထံမှ သိရသည်။
ကံဆည်းရွာ ပျူစောထီး စခန်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲအတွင်း ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာသို့ ကင်မွန်းတော် ပျူစောထီး စခန်းမှ တပ်ကူလာရောက်သော ပျုစောထီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး PDF မဟာမိတ်တပ်ပေါင်းစုဘက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Photo- KNDF / Kantarawaddy Times