ရန်ကုန်၊ အောက်တိုဘာ ၈
မန္တလေးတိုင်း ကျောက်ဆည် တက္ကသိုလ်မှ သမဂ္ဂ ကျောင်းသား ကိုဝေလင်းအောင်ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဖမ်းဆီးသွားသဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကျောက်ဆည် တက္ကသိုလ် သမဂ္ဂထံမှ သိရသည်။
ကိုဝေလင်းအောင်သည် ကျောက်ဆည်တက္ကသိုလ် သမိုင်းအထူးပြုမေဂျာမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောက်ဆည် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ၏ တော်လှန်ရေးဦးဆောင် ကော်မတီတွင် ပါဝင်ကြောင်း၊ အာဏာရှင် ဆန့်ကျင် တော်လှန်ရေး ဆောင်ရွက်နေသော KDDF တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
စစ်တပ်က ကိုဝေလင်းအောင် နှင့် တပ်ဖွဲ့ဝင် ရဲဘော်များကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် စောင့်ကြိုပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ရဲဘော် တချို့ လွတ်မြောက်ခဲ့သော်လည်း ကိုဝေလင်းအောင်သည် သေနတ် ဒဏ်ရာများဖြင့် ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ကိုဝေလင်းအောင်ကို အကြမ်းဖက် စစ်တပ်က မည်သည့်နေရာ၌ ဖမ်းဆီး ထားသည်ကို ကျောက်ဆည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအနေဖြင့် မသိရှိရသေးကြောင်း၊ ခြေထောက်တွင် ကျည်ထိမှန်ထားသော ကိုဝေလင်းအောင်အတွက် ဒဏ်ရာ ကုသမှု စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်မည် မဟုတ်ကြောင်း၊ စစ်ကြောရေးတွင်လည်း လက်လွန် သေဆုံးမှုများ အထိ ဖြစ်နိုင်သည့် အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေရှိနေပါသောကြောင့် ICRC နှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအား အကူညီ တောင်းခံအပ်ကြောင်း ကျောက်ဆည် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ် ဖမ်းဆီးမှု အတွင်း လွတ်မြောက်လာသည့် ရဲဘော် ၂ ဦးသည်လည်း ဒဏ်ရာများ ရရှိနေသောကြောင့် ကျောက်ဆည် ပြည်သူလူထုက တော် လှန်ရေး ရဲဘော်များအား ဝိုင်း၀န်း ကူညီစောင့်ရှောက်ရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း၊ Kyaukse District Defense Force – KDDF မှ ရဲဘော်များ၊ သမဂ္ဂအဖွဲ့၀င်ရဲဘော်များ၊ CDM ကျောင်းသူ/သားများ၊ KDDF သို့ လစဥ် လှူဒါန်းထောက်ပို့ငွေများ ပေးပို့လျှက်ရှိသော အလှူရှင်အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် အထူးဂရုစိုက်ကြရန် နှိုးဆော်အပ်ကြောင်း ကျောက်ဆည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်လော်ဘီများကမူ ကျောက်ဆည်တွင် ယမန်နေ့ ခြေထောက်ဒဏ်ရာထားသည့် PDF တစ်ဦး သေဆုံးနေသည့်ပုံဟူ၍ အဝတ်အစားမပါသည့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို ထုတ်ပြန်ပြီး တယ်လီဂရမ် လူမှုကွန်ရက်များတွင် ဖြန့်ဝေလျက်ရှိသည်။