ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် Monywa Sepcial ဒိတ်ဒိတ်ကြဲ PDF နှင့် ပျူစောထီးအဖွဲ့များသည် အောက်တိုဘာလ ၈ ရက် ယမန်ညတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သတင်းရရှိသည်။
ယမန်ညတွင် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၍ မိုင်းဆင်နေသော PDF များနှင့် တောပုကျေးရွာမှ ပျူစောထီးများ ထိတွေ့ကာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၂ တပ်ခွဲ ၂၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ မုံရွာ-မန္တလေးလမ်းပိုင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် ပဒေသာမိုင်း ၈ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းသည် မုံရွာဘက်သို့ ထွက်ခွာလာစဉ် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာကြား၌ မိုင်းခွဲပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကို ONE (LPDF)၊ TGYR၊ Spring Soldier၊ CLDF၊ CRA တပ်ခွဲ ၂ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – စစ်ကိုင်းမြို့နယ်တွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း (ပုံအဟောင်း ဖြစ်ပါသည်)