ရန်ကုန်၊ အောက်တိုဘာ ၁၀
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် အစောင့် တာဝန်ကျနေသော တပ် ကြပ်ကြီး ၂ ဦး အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီး ကျော်မျိုးထွန်းသေဆုံးကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ၃၅ လမ်း ၈၇×၈၈ လမ်းကြား မြတောင်အနောက် မဟာအောင်မြေလျှပ်စစ်ရုံးတွင် လုံခြုံအစောင့် တပ်ကြပ်ကြီး ကျော်မျိုးထွန်းကို တပ် ကြပ်ကြီး မြတ်နိုးအောင်က ပစ်ခတ်ရာမှ တပ်ကြပ်ကြီး ကျော်မျိုးထွန်း ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
” ပစ်ခတ်မှုဖြစ်တဲ့ စစ်သား ၂ ဦးစလုံး ကပစ -၁၃၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲက ။ တပ်ကြပ်ကြီး မြတ်နိုးအောင်က သူ့အထက် စီနီယာတပ်ကြပ်ကြီးကျော်မျိုးထွန်းကို ပစ်သတ်လိုက်တာ။ ပစ်သတ်သူ တပ် ကြပ်ကြီး မြတ်နိုးအောင်ကို နန်းတွင်းထဲမှာ ဖမ်းဆီးထားပါတယ်။ ကပစ-၁၃ တပ်ထဲမှာရှိတဲ့ တပ်ကြပ် ကြီး ကျော်မျိုးထွန်း နေအိမ်မှာ နာရေးပြင်ထားပြီ။ သူ့မိသားစုတွေက တပ်ပြင်မှာနေတာ။ အကြောင်း မကြားထားဘူး” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃) ထုတ်လုပ်ရေးတပ်များကို မန္တလေးတွင် မြို့လုံခြုံရေးအဖြစ် တာဝန်ချထားခြင်းဖြစ်ပြီး ထုတ်လုပ်ရေးတပ်များကိုပါ လုံခြုံရေးအတွက် အသုံးချလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မကွေး၊ မလွန် ကပစ စက်ရုံများ တပ်နယ်မှ အရာရှိနှင့်စစ်သားများ။ (ပုံအဟောင်းဖြစ်သည်)