ရန်ကုန်၊ အောက်တိုဘာ ၁၀
အကြမ်းဖက် စစ်ကောင်စီက CDM ဝန်ထမ်း အမည်စာရင်းပါသူမှန်သမျှ ရန်ကုန်လေဆိပ်မှ ထွက်ခွင့်မပေးဘဲ ပြစ်မှု မရှိလျှင် ထိန်းသိမ်းငွေညှစ်ပြီး ပြစ်မှုရှိလျှင် စစ်ကြောရေး တန်းပို့ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပြည်ပထွက်ခွာခွင့်ပြုနေသော လေ ဆိပ်များတွင် ဝန်ကြီးဌာနပေါင်းစုံမှ CDM ဝန်ထမ်းအမည်စာရင်းရယူထားပြီး စရဖ၊ ရဲ၊ လ၀က ၊ အကောက်ခွန် စသည့် ဌာနပေါင်းစုံပါဝင်သော ပြည်ပထွက်ခွာမည့်သူများ စိစစ်ရေး အဖွဲ့ဖွဲ့စည်းပြီး တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ CDM ဝန်ထမ်းများ သာမက လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ အမည်စာရင်းများကိုလည်း လေဆိပ်ရှိ ပြည်ပ ထွက်ခွာမည့်သူများ စိစစ်ရေးအဖွဲ့ထံ ပေးပို့ထားပြီး ဝန်ကြီးဌာန ခွင့်ပြုချက်မပါလျှင် ပြည်ပထွက်ခွင့်မပေးကြောင်း သိရှိရသည်။
“ဦးစားပေးကတော့ CDM တွေနဲ့ နိုင်ငံရေး ပြစ်မှု ရှိ၊ မရှိ ၊ ခံဝန်လက်မှတ်ထိုးထားတဲ့သူ ဟုတ်၊ မဟုတ်ကို ဦးစားပေးပြီး စိစစ်တယ်။ ကွန်ပျူတာထဲကို အကုန် ထည့်ထားပါတယ်။ CDM ဆိုရင် အဖေ၊ အမေနာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် ၊ နေရပ်လိပ်စာ၊ လုပ်ကိုင်တဲ့ဝန်ကြီးဌာန၊ CDM လုပ်သွားတဲ့ရက် အဲဒါ အကုန်ရှိတယ်။ အမှုမရှိဘဲ CDM တစ်ခုတည်းဆိုရင် ၂ လစာ ကိုဗစ်ချေးငွေ ဆပ်ပြီးပြီလား၊ ဝန်ကြီးဌာနဘက်က သဘောထား ဒါတွေမေးမြန်းတယ်။ ပြစ်မှုရှိ CDM ဆိုရင်တော့ လေဆိပ်ကနေ စစ်ကြောရေးတန်းပို့တယ်။ လေဆိပ်မှာ နောက်ဆုံး Last minute အထိ စစ်ဆေးပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းစာရင်းလည်း လေဆိပ်မှာ စိစစ်ပါတယ် ” ဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ပြောသည်။
CDM ဝန်ထမ်းတချို့က ရန်ကုန်လေဆိပ်မှ ပြည်ပ ထွက်ခွာရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
” ကျနော်က CDM ဝန်ထမ်းပါ။ Passport လျှောက်လိုက်တော့ စာအုပ်ရလို့ လေဆိပ်မှာလည်း ထွက်လို့ရမယ်လို့ ထင်ခဲ့တာ။ မရပါဘူး။ လေဆိပ် လဝက မှာ CDM စာရင်းတွေ အကုန်ရောက်နေပါတယ်။ ကျွန်တော်က ဘန်ကောက်ကို ထွက်ဖို့ပါ။ အဲ့ဒီမှာ စာရင်းတွေ့ပြီး Passport သိမ်းလိုက်ပြီး မင်္ဂလာဒုံ စရဖတပ်ကို ပို့လိုက်ပါတယ်။ အခြား CDM ဝန်ထမ်းတွေလည်း ကျနော်နဲ့အတူပဲ။ ကျန်းမာရေးဌာန CDM နဲ့ အလုပ်သမားဝန်ကြီးဌာနက CDM။ အမေစုလက် ထက် ချေးငွေ ၂ လစာ ပြန်ဆပ်ခိုင်းတယ်။ အလုပ်ပြန်ဝင်ခိုင်းတယ်။ ၂ ခုစလုံး ငြင်းရင် ပြည်ထဲရေးလက်ကို အပ်ပြီး အမှုဖွင့်မယ်ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ၂ လစာပြန်ဆပ်ပြီး ခံဝန်လက်မှတ်ထိုး ထွက်တဲ့နည်းကို ရွေးလိုက်ရပါတယ်။ အလုပ်တော့ ပြန်မဝင်ပါဘူး။ ကျန်မာရေးဌာနက CDM ဆရာမလေးဆိုရင် လုပ်သက်မပြည့်ဘဲ CDM လုပ်လို့ ဌာနက သိန်း ၁၀၀ လျော်ကြေးတောင်းပါတယ်။ အဲဒီ စရဖကတော့ ၂ လစာပဲ ပြန်ဆပ်ခိုင်းတာပါ။ သိန်း ၁၀၀ လျှော်ကြေးက ဌာနကတောင်းတာပါ။ အလုပ်ပြန်ဝင်ပါမယ်ပြောတာတောင် မရပါဘူး။ CDM တွေ passport နဲ့ ပြည်ပထွက်ဖို့ ကြိုးစားနေရင် ထွက်လို့မရပါဘူးလို့ သိစေချင်ပါတယ်။ လွတ်သွားရင်တောင် ၁၀၀ မှာ ၁ ယောက်ပါ သန့်ရှင်းရေး အထွေထွေလုပ်သားကအစ CDM စာရင်း ရှိနေကာတယ် မှတ်ပုံတင် အိမ် ထောင်စုစာရင်း အချက်အလက်တွေ ပြင်ပြီး ထွက်တာတောင် တွေ့တယ်လို့ သိရတယ်။ ၅၀၅ (က) လို အမှုရှိသူတွေကတော့ စစ်ကြောရေး သို့မဟုတ် ပြည်ထဲ ရေးကို အပ်တာပါ”ဟု CDM ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လွှတ်ရာတွင်လည်း သတင်းမီဒီယာများထံ ဖမ်း ဆီးထိန်းသိမ်းခံရမှု အကြောင်း မပြောရန် ၊ အင်တာဗျူး မလုပ်ရန်၊ CRPH၊ NUG ၊PDF များနှင့် အဆက်အသွယ် မလုပ်ရန်၊ ဖမ်းဆီးခံရမှုများအကြောင်း Facebook ပေါ် မတင်ရန် ခံဝန် လက်မှတ်ရေးထိုးရသည်ဟု သိရှိရသည်။
ယခုရက်ပိုင်းအတွင်း မလှိုင်မြို့ နယ်၊ အမက(လွန်)တွင် မူပြရာထူးဖြင့် CDM ပြုလုပ်ထားသည့် ခရီးသည် ဦးအေးကောင်း၊ သင်္ဃန်းကျွန်းမြိုနယ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မှ လ/ထကထိကရာထူးဖြင့် CDM ပြုလုပ်ထားသော ဒေါ်မေထူးကျော်တို့ကို ရန်ကုန်လေဆိပ်တွင် တားဆီးထိန်းသိမ်းခဲ့ကြောင်း အကြမ်းဖက်စစ်တပ်လော်ဘီ သတင်းရင်းမြစ်က သတင်းဖော်ပြထားသည်။