ရန်ကုန်၊ အောက်တိုဘာ၁၁
အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်၊ ဆန့်ကျင်မည်ဆိုသော အဆင့်ထက် ကျော်လွန် စဉ်းစားရမည်ဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက် မရှိစေရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမည့်အပေါ် သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင်လုပ်ရန် ယာယီသမ္မတတိုက်တွန်လိုက်ခြင်းဖြစ်သည်။
“စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်/ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားပဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်။ စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။
မြန်မာစစ်တပ်က ရမ်းကားနေပြီး အခြေအနေများလည်း ဆိုးဝါးလာနေကြောင်း၊ NUG အနေဖြင့်တော်လှန်ရေးကို ပိုမိုအာရုံစိုက်ရမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။
“စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက ပိုပိုပြီး များလာပါပြီ။ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေပါတယ်။ နိုင်ငံတကာအကူအညီတွေပေးနေ ပေမယ့် စစ်ကောင်စီကို ကျော်ပြီး လူထုထံအရောက်ကူညီဖို့ အကန့်အသတ်တွေ ခပ်များများတွေ့နေ ရပါတယ်။ ဒါကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အထူးအာရုံစိုက်ဖြေရှင်းဖို့ ကြိုးစားကြပါ။ မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်တယ်။ အမျိုးသားညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ မမေ့ဖို့။ မပေါ့လျော့ကြဖို့။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျွန်တော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု သမ္မတက ပြောဆိုသည်။
NUG အစိုးရက တစ်နှစ်အတွင်း တော်လှန်ရေးကို အပြီးသတ် တိုက်ပွဲဝင်ရန် အချိန်ကာလ သတ်မှတ်ထားပြီဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။