28 C
Yangon

ဂျပန်နိုင်ငံက လှူဒါန်းထားသည့် အရပ်ဘက်သုံးရေယာဉ်များကို စစ်ရေးကိစ္စများအတွက် မြန်မာစစ်တပ် အသုံးပြုနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မြန်မာစစ်တပ်သည် ဂျပန်နိုင်ငံမှ ထောက်ပံ့သော ခရီးသည်တင် သင်္ဘောနှစ်စင်းကို ရခိုင်ပြည်နယ်အတွင်း စစ်ရေးကိစ္စများအတွက် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အသုံးပြုခဲ့ကြောင်း Human Rights Watch (HRW) အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။ သက်ဆိုင်ရာ အာဏာပိုင်များထံမှ ရရှိထားသော လျှို့ဝှက်စာများကို ကိုးကား၍ HRW အဖွဲ့က အခုလို ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၅ သန်းနဲ့ ညီမျှသော အဆိုပါ ရေယာဉ်သုံးစင်းကို စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး အစီအစဉ်အရ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဂျပန်အစိုးရက ပေးပို့ခဲ့သော အဆိုပါခရီးသည်တင် ရေယာဉ်သုံးစင်းအနက် နှစ်စင်းကို ရခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသော ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုမြစ်ပေါ်ရှိ ဘူးသီးတောင်မြို့သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော်နှင့် စစ်လက်နက်များ ပို့ဆောင်ရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု HRW က ထုတ်ပြန်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဂျပန်နိုင်ငံအနေနှင့် ၂၀၂၁ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပေးအပ်ရန်ရှိသော ODA အထောက်အပံ့အသစ်များကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သော်လည်း ဆောင်ရွက်ဆဲ စီမံကိန်းများကိုမူ ရပ်ဆိုင်းခြင်း မရှိသည်ကိုတွေ့ရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ကူညီငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနှင့် နည်းပညာအကူအညီ ဒေါ်လာ သန်း ၆၉၀ အပါအဝင် ချေးငွေ ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ ကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဂျပန်နိုင်ငံအနေနှင့် ၄င်းတို့ပေးအပ်နေသော လူသားချင်းစာနာမှု အကူအညီနှင့် ပတ်သက်၍ လိုအပ်သည့် ပြည်သူ(မြန်မာ) များထံ ထိထိရောက်ရောက်နဲ့ တိုက်ရိုက် အကျိုးခံစားနိုင်ရန်အတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတစ်ဆင့် ပံ့ပိုးကူညီသင့်သည် ဟု HRW က ထုတ်ပြန်ပြောဆိုသည်။

“ဂျပန်နိုင်ငံဟာ မြန်မာစစ်တပ်ကို တာဝန်ခံစေဖို့ရာအတွက် ရှိသမျှသံတမန်နည်းလမ်းအားလုံး အသုံးပြုပြီး အခွင့်အရေး လေးစားသမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ကိုယ့်ရဲ့ဂုဏ်သတင်းကျော်ဇောမှုကို အပြည့်အဝ အသုံးချသင့်ပါတယ်” ဟု HRW ၏ အာရှအစီအစဥ် အရာရှိ Teppei Kasai က ဆိုသည်။

မကြာသေးမီလများမှစတင်၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article