28 C
Yangon

မြင်းခြံတွင် စစ်တပ် ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံး၊ ဝမ်းတွင်းရှိ ရွှေတောင်ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း မြင်းခြံမြို့နယ် နတ်ကြီးရွာနှင့် ကုလည်းရွာ အကြားတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းတွင် စစ်ကား ၅ စီးပါဝင်ပြီး ဆီမီးခုံမြို့ ငါန်းမြာမှ ငါန်းဇွန်ဘက်သို့ ထွက်ခွာလာစဥ် အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် နတ်ကြီးရွာနှင့် ကုန်းလည်းရွာ အကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ စစ်ကား ၂ စီးကို ထိမှန်ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ 27 Revolution Forceနှင့်အတူ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၆ နောင်ရိုးအထူးပြောက်ကျားတပ်- NYSGFတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ကား ၁ စီးသည် လမ်းဘေးထိုးကျသွားပြီး စုတ်ပျက်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုသည် ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာ လေးကြောင်း တိုက်ခိုက်မှုကို လက်တုံ့ပြန် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း 27 Revolution Force အဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းကို ယနေ့ နံနက်အပိုင်း၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းအတွင်းမှ အော်ငိုသံများဖြင့် ဆူညံကာ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့မှ လူနာတင်ကားများလည်း မောင်းထွက်သွားကြောင်း၊ မည်သည့် အဖွဲ့က တိုက်ခိုက်သည်ကို အတည်မပြုနိုင်သေးဘဲ ရဲစခန်းအတွင်းရှိ ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း အတည်မပြုနိုင်သေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article