မဟေမာန်၊ မေမီဇော်၊ ဆိုင်းပန် စသည့် တရားမဝင်ပွဲစားများက ဒူဘိုင်းအိမ်ဖော်ရှာဖွေရေး အေးဂျင့်များ ချိတ်ဆက်ကာ မြန်မာအမျိုးသမီးများကို အိမ်ဖော်များအဖြစ် ပို့ဆောင်
ရန်ကုန်၊ အောက်တိုဘာ ၁၂
အရှေ့အလယ်ပိုင်း ဒူဘိုင်းတွင် အိမ်အကူအလုပ် လာရောက် လုပ်ကိုင်ကြသည့် ပဲခူးတိုင်း၊ က၀မြို့နယ်၊ အောင်မိတ်သာ ကျေးရွာမှ မနွယ် ဆိုသော မြန်မာအမျိုးသမီးသည် အိမ်ရှင်များ၏ အနိုင်ကျင့်မှုကြောင့် ထွက်ပြေးနေရပြီး မြန်မာပြည်ပြန်ရန်လည်း အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။
အသက် ၂၆ နှစ်အရွယ် မနွယ်သည် ၂၀၂၂ ခုနှစ် မေလတွင် ဒူဘိုင်းသို့ ရောက်ရှိခဲ့ပြီး အေဂျင်စီ၏ ခေါ်ဆောင်မှုဖြင့် အိမ်ဖော်အလုပ်လုပ်ကိုင်ရကြောင်း၊ ပထမ အိမ်ရှင်က ပိုက်ဆံခိုးသည်ဟု စွပ်စွဲပြီး အေဂျင် စီရုံးထံသို့ ပြန်ပို့ကြောင်း၊ ယင်းနောက် အေဂျင်စီက အခန်းထဲတွင် ပိတ်လှောင်ထားပြီး ဖုန်းနှင့်နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းခဲ့ကြောင်း၊ ၁ လခန့်အကြာတွင် ဒုတိယအိမ်ရှင် ထပ်မံရရှိပြီး ၁ ပတ်အကြာတွင် အလုပ်ဆက်မခိုင်းတော့ဘဲ အေးဂျင့်ရုံးသို့ ပြန်ပို့ ခဲ့ကြောင်း၊ ၃ ပတ်အကြာတွင် တတိယအိမ်ရှင် ရှရိခဲ့ပြီး နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ လုံး၀ နားချိန်မရဘဲ အလုပ်လုပ်ရကြောင်း၊ ၁၃ ရက်အလုပ်လုပ်ပြီး အရမ်းပင်ပန်းခဲ့ပြီး ဖုန်းဖြင့် ဆက်သွယ်မှု မပြုနိုင်ရန် ဖုန်းသိမ်းဆည်းထားကြောင်း၊ ထို့ကြောင့် အလုပ်မှ ထွက်ပြေးခဲ့ကြောင်း၊ နိုင်ငံကူးလက်မှတ်ကို အိမ်ရှင်က သိမ်းဆည်းထားကြောင်း သိရှိရသည်။
“ကျမတို့ကိုကယ်ပါရှင်။ အလုပ်ရှင်အိမ်ကနေထွက်ပြေးတိမ်းရှောင်နေရသူပါ။ ပတ်စပိုစ့် ပြန်ရဖို့ ဒူဘိုင်းအေးဂျင့်က ဒူဘိုင်းငွေ ၁ သောင်းတောင်းနေပါတယ်။အခုနေဖို့စားဖို့လည်း မရှိလို့ အရမ်းဒုက္ခရောက်နေလို့ပါ။ နေ့စဥ်သူများဆီမှာတောင်းစားနေရပါတယ်။ ၂ ရက်တစ်ခါမှ ရတာလေး စားရပါတယ်။ အရမ်းကိုဒုက္ခရောက်နေလို့ပါကယ်ပါ။ ကျမက ပဲခူးတိုင်း ကဝမြို့နယ် အောင်မိတ်သာကျေးရွာမှာနေထိုင်သူပါ။ အဖအမည် ဦးကုလား။ လက်ရှိတော့အဖေကဦးဇင်းဝတ်နေသူပါ။ မြန်မာပြည် ပွဲစားက မေမီဇော်(ခ)ထိုက်ထိုက်အောင်က ပို့လိုက်တာပါ။ သူကလည်း ဘာတာဝန်မှမယူဘဲ ကိုယ်တိုင်ဖြေရှင်းလို့ပဲပြောပါတယ်။ ကျမတို့အတူလာတဲ့သူတွေ အများကြီးပဲ ကျမလို ဒုက္ခရောက်နေကြပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ မြန်မာငွေ သိန်း ၆၀ လျှော်နိုင်လို့ ပြန်ပါပြီ။ ကျမကို ဒူဘိုင်းငွေ ၁ သောင်းပေးမှနိုင်ငံကူး စာအုပ်ပြန်ပေးမယ်လို့ ဒူဘိုင်းအေးဂျင့်ကပြောပါတယ်” ဟု မနွယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံမှ ပွဲစားများဖြစ်ကြသည့် မဟေမာန်၊ မဆိုင်းပန်၊ မမေမီဇော် အပါအဝင် တရားမဝင် ပွဲစားများက ဒူဘိုင်းနိုင်ငံမှ အိမ်ဖော်ရှာဖွေရေး အေးဂျင့်များနှင့်ချိတ်ဆက်ကာ ဒူဘိုင်းသို့ မြန်မာအမျိုးသမီးများကို အိမ်ဖော်အဖြစ် စေလွှတ်ကြကြောင်း၊ ဒူဘိုင်းသွားရောက်လိုကြသည့် မြန်မာအမျိုးသမီးများထံမှ ငွေကျပ် ၁၁ သိန်းမှ ၁၅ သိန်းအထိ ပွဲစားခ တောင်းယူကြပြီး ဒူဘိုင်းအိမ်ဖော်ရှာဖွေရေးအေဂျင်စီများဘက်မှလည်း အိမ်ဖော်အလုပ်သမားရှာဖွေပေးခ ဒူဘိုင်းငွေ ၁၀၀၀ (အမေရိကန်ဒေါ်လာ ၂၇၃ ) ကျပ်ခန့် ရရှိကြောင်း၊ ဒူဘိုင်းမှ အိမ်ဖော်ခေါ်သည့် အေဂျင်စီများက အိမ်ဖော်များအတွက် လေယာဉ်လက်မှတ်ခ ၊ ဆေးစစ်ခ အပါအဝင် ဒူဘိုင်းအရောက် အကုန်အကျခံကြကြောင်း သိရှိရသည်။
“ပွဲစားတွေက ဒူဘိုင်းသွားချင်တဲ့ အမျိုးသမီးတွေဆီက ငွေကျပ် ၁၁ သိန်းကနေ ၁၅ သိန်း ပွဲစားခတောင်းတယ်။ အဲဒီငွေတွေ အေဂျင်စီခဆိုပြီးတောင်းတာ။ တကယ်က မြန်မာအမျိုးသမီးတွေ ဒူဘိုင်းအထိ အရောက်ကို ဒူဘိုင်းအိမ်ဖော်ခေါ်တဲ့အေဂျင်စီက အကုန်အကျခံတာ။ လေယာဉ်လက်မှတ်ခ၊ ကျန်းမာရေးအာမခံ အစအဆုံး ဒူဘိုင်းကုမ္ပဏီက ပေးတာ။ နောက်ပြီး ဒူဘိုင်းကုမ္ပဏီဘက်က အိမ်ဖော်တစ်ဦး ရှာပေးရင် ရှာပေးတဲ့ပွဲစားကို ဒူဘိုင်းငွေ ၁၀၀၀ ထပ်ပေးတယ်။ အဲဒီတော့ ပွဲစားတွေက အေဂျင်စီခဆိုပြီး တောင်းသလို ဒူဘိုင်းကုမ္ပဏီဘက်ကပါ လူရှာပေးခ ဒူဘိုင်းငွေ ၁၀၀၀ ထပ်ရတော့ နှစ်သီးစားရတာ” ဟု ဒူဘိုင်းတွင် ရောက်ရှိနေသူ မြန်မာ အိမ်အကူ အမျိုးသမီးက ဆိုသည်။
မြန်မာအမျိုးသမီးများ ဒူဘိုင်းရောက်ရှိသည်နှင့် ဒူဘိုင်းကုမ္ပဏီက လေဆိပ်တွင် လာခေါ်ပြီး နိုင်ငံကူးလက်မှတ်၊ ပတ်စ်ပို့၊ တယ်လီဖုန်းများကို သိမ်းဆည်းလိုက်ကြောင်း၊ ယင်းနောက် အေဂျင်စီရုံးများတွင် အခန်းပိတ် ထားရှိပြီး တစ်နေ့လျှင် ပဲဟင်းဖြင့် ထမင်းတစ်နပ်ကျွေးမွေးကြောင်း၊ အိမ်ရှင်များက ဒူဘိုင်းကုမ္ပဏီထံ အိမ်ဖော်လာရှာသည့်အခါ မြန်မာအမျိုးသမီးများက ဝတ်ကောင်းစားလှ ဝတ်၍ အိမ်ရှင်များကို ပြသရကြောင်း၊ အိမ်ရှင်က ကြိုက်နှစ်သက်လျှင် အိမ်ဖော် အဖြစ် လိုက်ပါသွားရကြောင်း၊ အိမ်ဖော် မြန်မာအမျိုးသမီးများအနေဖြင့် ၂ နှစ်တိတိ နိုင်ငံကူးလက်မှတ်ကို အိမ်ရှင်(သို့မဟုတ်) ဒူဘိုင်းကုမ္ပဏီက သိမ်းဆည်းထားကြောင်း ၊ အိမ်ရှင်များ၏အနိုင်ကျင့်မှု၊ စော်ကားမှုနှင့် ရိုက်နှက်မှုများ အတွက်လည်း မည်သူကမှ ဖြေရှင်းမပေးကြောင်း သိရှိရသည်။
“တချို့တွေလည်း အဆင်ပြေကြတယ်။ အဆင်ပြေသူကနည်းပါတယ်။ အဆင်မပြေသူကများတယ်။ အိမ်ရှင်တွေက ရိုက်နှက်တာ၊ အနိုင်ကျင့်တာတွေရှိတယ်။ တချို့ဆိုရင် စော်ကားခံရတယ်။ ကိုယ့်မှာ နိုင်ငံကူးလက်မှတ်လည်းမရှိ ၊ အပေါင်းအသင်းလည်းမရှိတော့ ကြိတ်မှိတ်ခံပဲ။ မခံနိုင်လို့ ပြန်မယ်ဆိုရင် ဒူဘိုင်းအေးဂျင့်က ငွေကျပ် သိန်း ၆၀ ၊ ၇၀ လျှော်ကြေးတောင်းတယ်။ အဲဒါ မပေးရင် နိုင်ငံကူးလက်မှတ်ပြန်မပေးဘူး။ အိမ်ရှင်က မကြိုက်လို့ ဒူဘိုင်းကုမ္ပဏီကို ပြန်အပ်ရင် အခန်းထဲမှာ ပိတ်ထားတယ်။ ဖုန်းတွေ သိမ်းတယ်။ တကယ့်ကို ကျွန်တွေလိုပဲ ဘ၀တွေက” ဟု ဒူဘိုင်းရောက် မြန်မာအမျိုးသမီး အိမ်အကူကဆိုသည်။
ဒူဘိုင်းတွင် အိမ်အကူ အလုပ်လာရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးအရေအတွက် ထောင်ချီ ရှိပြီး ပဲခူး၊ မကွေး၊
စစ်ကိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဘက်မှ ဖြစ်ကြောင်း၊ အများစုမှာ အိမ်ရှင်များ၏ အနိုင်ကျင့်မှုကို သည်းခံ ကြိတ်မှိတ် အလုပ်လုပ်ကြကြောင်း၊ ဒူဘိုင်တွင် အိမ်ဖော်များဘက်မှ အကာအကွယ်ပေးမည့်သူ မရှိကြောင်း အိမ်အကူ မြန်မာအမျိုးသမီးများက ဆိုကြသည်။
“ဥပဒေတွေမှာ အိမ်ဖော်တွေကို တရားဝင် အကာအကွယ်ပေးတာမျိုး ရှိတယ်ပြောပေမယ့် ကိုယ်တွေက စကားကလည်း မတတ်တော့ ကြိတ်မှိတ်ခံရတာပဲ။ တချို့ အရိုက်ခံရတာတွေအတွက်လည်း ဘယ်တိုင်ရမလဲမသိ။ ပွဲစားတွေကို တာဝန်ယူခိုင်းတော့လည်း မသိဘူး။ မရှိဘူးပဲ ပြောကြတာ။ ပြန်မယ်ဆိုတော့လည်း ပတ်စ်ပို့ရွေးဖို့ငွေမရှိဘူး။ အကုန် အဆင်မပြေကြဘူး” ဟု အိမ်အကူ မြန်မာအမျိုးသမီးက ရှင်းပြသည်။