ရန်ကုန်၊ အောက်တိုဘာ ၁၂
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ဝါးချောင်းရွာ အနီး အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်း တိုက်ခိုက်ခံရကာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းသည် ပြည်ထောင်စု ကားလမ်းမပေါ် ချီတက်လာခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ကော့သောင်းခရိုင် တပ်ရင်း (၁) စစ်ကြောင်းနှင့် ဘုတ်ပြင်းမြို့နယ် (ပကဖ) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စစ်သားနှင့် ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း Black Wolf PDF-MDY အဖွဲ့ထံမှ သိရသည်။
ရေစကြိုမြို့နယ် အမှတ်-၂ စည်ပင်သာယာ ရပ်ကွက်ရှိ နေရှင်နယ် လက်ဖက်ရည်ဆိုင်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စစ်သားနှင့် ပျူစောထီး ၂ ဦးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မဟာမိတ် ပူးပေါင်းအဖွဲ့မှ ပစ္စတိုနှင့် မိုင်းတို့ကို အသုံးပြုခဲ့ပြီး ပစ္စတိုနှင့် ပစ်ခတ်စဥ်အတွင်း ပျူစောထီး ၁ ဦး လက်မောင်းထိမှန် လဲကျစဥ် မိုင်းဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်သားနှင့် ပျူစောထီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ပျူစောထီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို MDY-PDF (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (MDYတပ်ရင်း-၃/တပ်ခွဲ-၃)နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့( ပခုက္ကူ ခရိုင်တပ်ရင်း-၁၀/ တပ်ခွဲ- ၃) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Black Wolf PDF-MDY အဖွဲ့က ထုတ်ပြန်ထားသည်။
Photo – လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့သော လက်နက် ပစ္စည်းများ