27 C
Yangon

မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်ကားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး၊ မြိုင်တွင် စစ်ကောင်စီ တပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မြိတ်-ထားဝယ် လမ်းပိုင်းတွင် ဘုတ်တောင်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦး သေဆုံးကြောင်း သိရသည်။

စစ်ကား ၉ စီးပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်း ရဲဘော်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ထိမှန်ကာ စစ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းထံမှ သိရသည်။

“တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ စစ်သားအရေအတွက် စာရင်းကို တိတိကျကျသိနိုင်ဖို့တော့ ကျနော်တို့အတွက် ခက်ခဲတယ်ဗျ၊ ဒေသခံတွေရဲ့ ပြောပြချက်အရကတော့ ၇ ဦးသေပြီး ၄ ဦး အထက် ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် အိုးပြွန်ရွာမှ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၈ ရက်နေ့၌ အိုးပြွန်ကျေးရွာမှ ထွက်ခွာလာစဥ် ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ပခုက္ကူ မြို့ပြပြောက်ကျား တပ်ဖွဲ့ (PUGF)၊ MRTF နှင့် သံမဏိ သိန်းငှက် မဟာမိတ် စုပေါင်းတပ်ဖွဲ့ ၄ ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့(မြိုင်)မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီ တပ်စွဲထားသော နေရာကို အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့ ၁၀ ဖွဲ့ကျော် ပူးပေါင်းကာ စစ်​မျက်နှာပြင် ၃ ခုဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာကို ယင်းမာပင် ခရိုင်တပ်ရင်း ၁၁၊ တပ်ခွဲ ၃ BlackGod ပြောက်ကျားတပ်ဖွဲ့ နှင့်အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ဂျိန်းစဘွန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်မိုက်ခဲ ပြောက်ကျားတပ်ဖွဲ့၊ Jokerပြောက်ကျားတပ်ဖွဲ့၊ Eagle Fighter ပြောက်ကျားတပ်ဖွဲ့၊ LBTပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တပ်ခွဲများ၊ One Second ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article