ရန်ကုန်၊ အောက်တိုဘာ ၁၃
မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါ အဝင် ၇ ဦးသေဆုံးကြောင်း Sevn Star YS အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ် ဇီးတောရွာကို အောက် တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကင်းပုန်းများဝပ်ကာ စစ်တပ် စစ်ကြောင်းအား ကျေးရွာမှ အထွက်ကို စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” စစ်ခွေးက ရွာကို မီးရှို့တော့ ကျွန်တော်တို့က ကင်းပုန်းဝပ်နေတာ သူတို့ ထွက်လာတာနဲ့ ရှေ့ထွက်နဲ့ ပစ်လိုက်တာ ၃ ကောင်သေတယ်။ တိုက်မိုင်းက ၄ ကောင် သေတယ်။ ဗိုလ်တစ်ကောင် အပါဝင် အားလုံးပေါင်း ၇ ကောင်သေတယ်” ဟု Seven Star YS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နှုတ်ခမ်းမွှေးက ပြောဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲတောရွာ၌ ရောက် ရှိနေပြီး ဖောကား တစ်စီးဖြင့် အင်အား ထပ်မံ ဖြည့်တင်းထားပြီး အချိန်မရွေး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း Seven Star YS အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်နှုတ်ခမ်းမွှေးက ဆက်လက်ပြောဆိုသည်။
အလားတူ မကွေးတိုင်း မြိုင်မြို့နယ် ဝါးသုံးအိုင်ရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား အောက် တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်များနှင့်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ကာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၇ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့ (မြိုင်)MRGF ၊ ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့(မြိုင်) MRGF တပ်ဖွဲ့(၂)နှင့် မြိုင်၊ ပခုက္ကူ၊ ရေစကြို သုံးမြို့နယ်မှ မဟာမိတ် တပ်ပေါင်းစုများ စုပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးလက် ဒေသပြောက်ကျား တပ်ဖွဲ့ – မြိုင်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးသောကြောင့် ဝါးသုံးအိုင်ကျေးရွာမှ ပြည် သူပိုင် နေအိမ် ၂၄ လုံး၊ နွားစာတိုက်များ၊ ဆိတ်ခြံများကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူပိုင် တိရစ္ဆာန်များကိုလည်း သတ်ဖြတ် စားသောက်ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း မွှေနှောက်ယူဆောင်သွားကြောင်း သိရသည်။