ရန်ကုန်၊ အောက်တိုဘာ ၁၃
ပဲခူးတိုင်းအတွင်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။
နတ်တလင်းမြို့နယ် ကြက်မနက်ရွာနှင့် ညောင်လေးပင်ရွာ အကြားတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို သာယာဝတီ ခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ တို့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း စစ်ကြောင်းသည် ဆက်လက် ချီတက်လာသောကြောင့် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ကြက်မနက်ရွာ နှင့် ညောင်လေးပင်ရွာ အကြား၌ ထပ်မံ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းထဲ ဝင်ရောက်လာသည့် အတွကါ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက် မတိုးရဲတော့ဘဲ နောက်ကြောင်း ပြန်ဆုတ် သွားကြောင်း သိရသည်။
အလားတူ တောင်ငူမြို့နယ် မြပင်ကူးကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်မှ တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် ရှိသည့် ကင်းစခန်းကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ ခွဲ (၁) တပ်ဖွဲ့များမှ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ ထုတ်ပြန်ထားသည်။