26 C
Yangon

ကလိန်အောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး၊ ကော်ဘရာစစ်ကြောင်း ရှိရာသို့ ထိုးစစ်ဆင်လာသော ခလရ ၂၀၇ တပ်ဖွဲ့ဝင် ၂ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် အောက်တိုဘာလ ၁၄ ရက် ယနေ့ နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးခန့် သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကလိန်အောင်တံတားသည် ရေး-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ယနေ့နံနက် ၄ နာရီခန့်၌ အမည် (စိစစ်ဆဲ) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ဝန်းကျင် သေဆုံးခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်သားအလောင်းများကို လူနာတင်ကားများဖြင့် လာရောက်တင်ဆောင်သွားကြောင်းနှင့် ယနေ့နံနက်တွင် တံတားပေါ် ဖြတ်သန်းသွားလာသူများကို အထူးစစ်ဆေးနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေကားလမ်း၊ လူခို့ဒေသတွင် အောက်တိုဘာလ ၁၃ ရက် ယမန်နေ့က စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၀၇ တပ်ရင်းမှ တပ်သား ၂ ဦးသည် မိုင်းထိပြီး ဒဏ်ရာပြင်းထန်ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၈ နာရီတွင် KNLA တပ်ရင်း ၂၇ (ကော်ဘရာစစ်ကြောင်း) တပ်ခွဲ ၂ လုံခြုံရေးယူထားသော လူခို့ဒေသသို့ ကျူးကျော်လာသော စစ်ကောင်စီတပ် ခလရ ၂၀၇ တပ်ရင်းမှ တပ်သား ၂ ဦး မိုင်းထိခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁၀၂၊ ခလရ ၈၊ ခလရ ၂၀၇ တို့သည် ကော်ဘရာ စစ်ကြောင်း လုံခြုံရေးယူထားသော နေရာများသို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ယမန်နေ့ ထိတွေ့မှုဖြစ်စဉ်တွင် ကော်ဘရာတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ – ကလိန်အောင် တံတား (ပုံအဟောင်းဖြစ်ပါသည်)
Photo – ပေးပို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article