21 C
Yangon

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျိုက်ထီးရိုး ဘုရားဖူး အမျိုးသမီး ၃ ဦး သေနတ်ထိမှန်သေဆုံးကြောင်း KNU က အတည်ပြုထုတ်ပြန်၊ စစ်တပ်ဘက်က ပစ်ခတ်သူ မမြင်ရသည့် ကျိုက်ထီးရိုး ပစ်ခတ်မှု CCTV တချို့ ဖြန့်ဝေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျိုက်ထီးရိုး ဘုရားဖူး အမျိုးသမီး ၃ ဦး သေနတ်ထိမှန်သေဆုံးကြောင်း KNU က အတည်ပြုထုတ်ပြန်လိုက်ပြီး စစ်တပ်ဘက်က ပစ်ခတ်သူ မမြင်ရသည့် ကျိုက်ထီးရိုး ပစ်ခတ်မှု CCTV တချို့ ဖြန့်ဝေလာကြောင်း သိရှိရသည်။

KNU ၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး ၃ ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကာ (၁၃)ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ် အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၁၂ ရက်နေ့ မိတ်ဖက်တော်လှန်ရေးအင်အားစုများက သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီမှ စက်သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားဖူးဧည့်သည်များ ထိခိုက်သေဆုံးခဲ့ရပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ပြည်သူ(၂)ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု KNU က ပြောသည်။

” တောင်တက်ကား ဂိတ်နားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တွေက လာပစ်တာ၊ လာပစ်တဲ့ လူတွေက တော်တယ်၊ ဘုရားဖူးတွေ နားက စစ်ကောင်စီစစ်သားတွေကိုတောင်မပစ်ဘူး ပြည်သူကိုထိမှာစိုးလို့၊ စစ်ကောင်စီဖက်က ပြန်ပစ်တာ တောင်တက်ကားပေါ်မှာရှိတဲ့ ဘုရားဖူး ၃ ဦးသေတယ်၊ ၁၃ ဦးဒဏ်ရာရတယ် ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၃ ဦးလည်းဒဏ်ရာရခဲ့တယ်” ဟု ကင်မွန်းချောင်းရွာသား စောထို့ကိဘော က ပြောသည်။

တိုက်ပွဲဖြစ်ချိန် ကင်မွန်းချောင်း ရဲစခန်းကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီးကင်မွန်းချောင်းကျေးရွာ ကျောင်းစုပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကျောင်းစုပိုင်း ဒေါ်လှရွှေ၏အိမ်ခေါင်မိုးပေါ်တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့ကာ ဦးသန်းအေး၏သား ငပု (ခေါ်) စောနန်းဝင်း၏ညာဖက်လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး အောင်အောင်အလှပြင်ဆိုင်ရှေ့၌လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄၀)ဝန်းကျင် ဒေါ်ဂျမ်းပုံ၏ နောက်ကျောနှင့် သမီးဖြစ်သူ(၅)နှစ်အရွယ် မဝက်မလေး ၏ ညာဖက် လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ကာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

အထက်ပါ ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ပြီး မိတ်ဖက်အင်အားစုများမှ
၁ ဦးဒဏ်ရာရခဲ့ကာ မစိုးရိမ်ရကြောင်းသိရသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထီးရိုး ဘုရားကုန်း ကိုအကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက ကေအဲန်ယူ အုပ်ချုပ်နယ်မြေတွေကို စစ်ရေးလှုပ်ရှားမှုတွေလုပ်တယ် လှု့အခွင့်အရေးချိုးဖောက်မှုတွေလဲလုပ်ခဲ့တယ်။ ဥပမာ-(၁)လပိုင်းက ကျောက်ဖျာကျေးနယ်မှာ ရွာသားတွေကိုမတရားဖမ်းဆည်းသတ်ဖြတ်ပြီး ရွာလုံးကျွတ် ဖျတ်ဆီးခံရတယ်၊စျေးဆိုင်တွေ ဖျက်ဆီးတယ်၊ ဆန်အိတ်တွေ မြေပေါ်ကျဲချတယ်၊ရွှေငွေတွေကို ခိုးယူသွားတယ် ”ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ယနေ့တွင် စစ်ကောင်စီဘက်က ကျိုက်ထီးရိုး ပစ်ခတ်မှု CCTV တချို့ကို ထုတ်ပြန်လာသော်လည်း ယင်း CCTV တွင် ပစ်ခတ်ခံရသူ ပြည်သူတချို့၏ မြင်ကွင်းကိုသာ မြင်တွေ့ရပြီး ပစ်ခတ်သူများ ပါဝင်ခြင်းမရှိပေ။

ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များကလည်း ကျိုက်ထီးရိုးဘုရားပစ်ခတ်မှုတွင် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှု ကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြု ပြောဆိုထားပြီးသားဖြစ်သည်။

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွားသည့်နေ့က မိုးမိုးဆိုင်ကို ဝင်ရောက်စီးနင်းနေသည့် အကြမ်းဖက်စစ်တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article