ရန်ကုန်၊ အောက်တိုဘာ ၁၄
ရန်ကုန်၊ မင်္ဂလာဒုံလေတပ်စခန်း ပတ်ဝန်းကျင်မှ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းက ကျယ်လောင်သော ပေါက်ကွဲများ ထွက်ပေါ်ခဲ့ကြောင်း ဒေသ ခံ ပြည်သူများထံမှ သိရသည်။
အဆိုပါ ပေါက်ကွဲသံများကို မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ အင်းစိန်နှင့် လှိုင်မြို့ နယ်များမှ ပိုမို ကျယ်လောင်စွာ ကြားခဲ့ရပြီး ည ၇ နာရီ ၅၂ မိနစ်နှင့် ၅၃ မိနစ်တို့တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
” ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မြောက်ဥက္ကလာ၊ အင်းစိန်၊ မရမ်းကုန်းနဲ့ လှိုင်မြို့နယ်တွေက ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်။ ပေါက်ကွဲသံက ၂ ချက် ၁ မိနစ်လောက်ပဲ ကွာတယ်။ အသံကတော့ မှော်ဘီ/မင်္ဂလာဒုံ လေတပ်ဘက်အနားက လာတာ အတိအကျတော့ မပြောနိုင်သေးဘူး။ ဘယ်နေရာလဲ ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ရန်ကုန်မြို့ခံ အများစုကမူ အဆိုပါပေါက်ကွဲသံသည် လက်နက်ကြီးပစ်ခတ်မှု၍ ထွက်ပေါ်သော အသံမျိုးဖြစ်နိုင်ပြီး မြေကြီးပါ တုန်သည့်ခံစားမှုမျိုးခံစားရသည်ဟုဆိုကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်ထပ်မံ စုံစမ်းနေဆဲ ဖြစ်သည်။
ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်)
