ရန်ကုန်၊ အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာ ၁၂ ရက်နေ့ ကျိုက်ထီးရိုးဘုရားဖူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်စဉ်တွင် စစ်တပ်၏လက်ချက်ဟု သတင်းဖော်ပြသော ဘီဘီစီနှင့်ဧရာ၀တီသတင်းဌာနတို့ကို တရားစွဲမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက ဘုရားဖူး ၃ ဦးသေဆုံးမှုသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီး စစ်တပ် လက်ချက်ဟု သတင်းဖော်ပြသော ဘီဘီစီနှင့် ဧရာ၀တီသတင်းဌာနတို့ကို ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် အသရေဖျက်စွပ်စွဲမှုများအတွက် တရားစွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်က သတင်းထုတ်ပြန်ချက်တွင် အလွန်ရိုင်းစိုင်းသော အသုံးအနှုန်းများကို သုံးနှုန်းထားသည်ကို တွေ့ရသည်။
“အဆိုးမြင်ဝါဒီများ၏ လက်ကိုင်တုတ်များ ဖြစ်သည့် ဗြောင်လိမ်ဗြောင်စား ဧရာ၀တီ နှင့်ဘီဘီစီသတင်းဌာနများ၏ မြန်မာပိုင်းအစီအစဉ်မှ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများအား ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့မှု” ဟု စစ်ကောင်စီက ရေးသားဖော်ပြထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သတင်းရင်းမြစ်များက ပစ်ခတ်မှုသည် စစ် တပ်က ဘုရားဖူးများကို ရမ်းသမ်းပစ်ခတ် သဖြင့် ဘုရားဖူးများ သေဆုံးခဲ့ကြောင်း အတည်ပြုပြောဆိုထားကြပြီး KNU ကလည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ဘုရားဖူးများ သေဆုံးခြင်း ဖြစ်ကြောင်း ယနေ့ တရားဝင်သတင်း ထုတ်ပြန်ထားပြီဖြစ်သည်။