By ရန်ကုန်ခေတ်သစ်
လာမည့်နိုဝင်ဘာလအတွင်း ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အဆင့်မြင့် စစ်ဘက် ဆေးဘက်ဆိုင်ရာညီလာခံကို ဩစတေးလျ ကာကွယ်ရေးဝန် ကြီးဌာနက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါညီလာခံတွင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို ဖိတ်ကြားထားမှုကြောင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက “ခွင့်လွှတ်၍မရသော” စစ်ရာဇ၀တ်ကောင်များကို အလျော့ပေးဆက်ဆံသည့် လုပ်ရပ်တခုအနေနှင့် ကန့်ကွက်ရှုတ်ချနေကြသည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် ဆက်စပ် စစ်ဘက်-ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သူများအစုအဖွဲ့၏ ပူးတွဲဥက္ကဌများအဖြစ် တာဝန်ယူထားသော ဩစတေးလျနှင့် ဘရူနိုင်းနိုင်ငံတို့၏ ဖိတ်ကြားချက်အရ မြန်မာစစ်တပ်သည် Bandar Seri Begawan ၌ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သုံးရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု သိရှိထားကြောင်း The Weekend Australian မဂ္ဂဇင်းက ဆိုသည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် ADMM-Plus နိုင်ငံပေါင်း ၁၈ နိုင်ငံလုံးပါဝင်သည့် စစ်ဘက်-ဆေးဘက်ဆိုင်ရာ လေ့ကျင့်မှုတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုများ ပါဝင်သည့် အဆိုပါညီလာခံသည် သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell ကို နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သြစတြေးလျပူးတွဲဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် ADMM အလုပ်အဖွဲ့သည် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများ ပါဝင်သည့် ADMM-Plus ၁၈ နိုင်ငံများအကြား စစ်ဘက်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို မြှင့်တင်အားကောင်းစေရန် ရည်ရွယ်သည်။
သို့သော် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက အဆိုပါ မြန်မာနိုင်ငံအား ဖိတ်ကြားထားမှုကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုမှုအပါအဝင် သြစတြေးလျနိုင်ငံအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့ပြီး အရပ်သား ၂,၃၅၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့သော မြန်မာစစ်ကောင်စီနှင့် ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံမှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။
“သြစတြေးလျနိုင်ငံအနေနဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အပြစ်ပေးခံရခြင်း တစုံတရာမရှိပဲနဲ့ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အခုလိုအစည်းအဝေးတွေ ဖိတ်ကြားတာဟာ ခွင့်လွတ်နိုင်စရာအကြာင်း မရှိပါဘူး” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့ဖြစ်သော Justice for Myanmar (JFM) မှပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Weekend Australian သို့ ပြောကြားခဲ့သည်။
“ဒါဟာ သြစတြေးလျနိုင်ငံအနေနဲ့ စာသင်ကျောင်းတွေကို ဗုံးခွဲတဲ့၊ ကလေးတွေကို သတ်ဖြတ်တဲ့၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ဆေးပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်တွေကို ထက်မြက်အောင် တက်တက်ကြွကြွ ထောက်ပံ့နေတာပဲဖြစ်တယ်”
“ဒီ (ညီလာခံ) က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်ကို စစ်မြေပြင်မှာ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတွေကို ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ တရားဝင် အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရန်တို့ကို အဆိုပါအဖွဲ့ (JFM) မှ ထပ်မံ တောင်းဆိုခဲ့သည်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် EU တို့သည် မြန်မာစစ်တပ်၊ အကြီးတန်းခေါင်းဆောင်များ၊ ဆွေမျိုးများနှင့် စစ်တပ်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုများစွာ ချမှတ်ထားသည်။
မြန်မာစစ်တပ်၏ “အရပ်သားများအပေါ် စနစ်တကျနှင့် ကျယ်ပြန့်စွာ အသုံးပြုသည့် ပြုကျင့်မှုများ” သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသော်လည်း ဩစတေးလျက မသိကျိုးကျွံပြုထားသည်။
ADMM ပွဲတွင် ပူးတွဲအိမ်ရှင်ဖြစ်ပြီး ဖိတ်ကြားချက်အားလုံးကို ပူးတွဲလက်မှတ်ထိုးထားသည့် သြစတြေးလျနိုင်ငံအနေနှင့် မည်သူမည်ဝါအား ဖိတ်ကြားထားကြောင်း ဆိုသည်နှင့် ပတ်သတ်၍ The Weekend Australian ၏မေးခွန်းအား သြစတြေးလျကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်း မရှိပေ။
“အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး-Plus (ADMM) အပါအဝင် အာဆီယံ ဖိုရမ်တွေမှာ အဖွဲ့ဝင်အဖြစ်နဲ့ တက်ရောက်တာကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံ ပရိုတိုကောနှင့် ကိုက်ညီပါက ဘရူနိုင်းနိုင်ငံ၌ လာမည့်လ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် စစ်ဘက်ဆိုင်ရာ ဆေးလုပ်ငန်းအဖွဲ့အတွက် ပူးတွဲဖိတ်ကြားချက်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ADMM-Plus အဖွဲ့ဝင်အားလုံးထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
သြစတေးလျသည် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ပတ်သက်၍ ၎င်း၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ဖော်ပြရန်အတွက် အာဆီယံကာကွယ်ရေးဖိုရမ်များကို စဉ်ဆက်မပြတ်အသုံးပြုခဲ့သည်။
အာဆီယံအနေနှင့် မြန်မာစစ်ကောင်စီ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် ငြင်းဆန်မှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ထားသော်လည်း၊ (စစ်ကောင်စီ) ကာကွယ်ရေးအရာရှိများမှာမူ ADMM အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခွင့် ရနေသည့်အတွက် ယခုကဲ့သို့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်းပြီး ငါးရက်အကြာတွင် ဖမ်းဆီးခံခဲ့ရသော ၎င်း၏ နှစ်ရှည်စီးပွားရေးအကြံပေး ပါမောက္ခ တာနဲလ် အပါအ၀င် အနည်းဆုံး လူပေါင်း ၁၂,၆၄၃ ဦးကို မြန်မာစစ်ကောင်စီက ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။
၎င်း၏ ဆက်လက်အကျဉ်းချခံရမှုသည် မြန်မာစစ်ကောင်စီအပေါ် အစိုးရ (သြစတေးလျ) က ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တွန့်ဆုတ်နေရသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ယူဆရသည်။
(The Australian ပါ AMANDA HODGE ၏ “Activists savage Defense department for hosting Myanmar junta” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)