ရန်ကုန်၊ အောက်တိုဘာ ၁၅
မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် စက်တင်ဘာလအတွင်း ဗိုလ်မှူးအောင်ထွန်းသည် PDF များ၏ ဖမ်းဆီးခံရကာ သေဆုံးသွားပြီးနောက် ယာဉ်မောင်းလိုင်စင်များတွင် ဗိုလ်မှူး၊ ဗိုလ် ကြီး နှင့်စစ်မှုထမ်း ရာထူးများ ဖြုတ်ပယ်ရန် စစ်တပ်က ညွှန်ကြားချက်ထွက်ရှိလာကာ စစ်မှုထမ်းများအားလုံး ယာဉ်မောင်းလိုင်စင်များတွင် အရပ်သားနာမည်များဖြင့် ပြောင်းလဲအသစ် ပြုလုပ်နေကြရကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဗိုလ်မှူးအောင်ထွန်းကို အရေးကြီး တရားရုံး စာရွက် စာတမ်းများ၊ ဒရုန်း၊ ကျည်ကာများနှင့်အတူ အရှင် ဖမ်းမိခဲ့ကြောင်း၊ ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း၊ ၎င်းဗိုလ်မှူးဖြစ်ကြောင်း ယာဉ်မောင်းလိုင်စင်တွင် သက်သေခံ ဖော်ပြချက်အရ သိရှိရခြင်းဖြစ်ပြီး ဗိုလ်မှူးအောင်ထွန်းထံမှ စအဖ မှတ်တမ်းများ၊ တခြားရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ်တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းနှင့် အခြားအရေးကြီးသည့် စာရွက်စာတမ်းတွေနဲ့အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
“ကညနမှာ စစ်ဗိုလ်တွေနဲ့ စစ်မှုထမ်းတွေအားလုံး ယာဉ်မောင်းလိုင်စင်တွေပြင်နေပါတယ်။ ဗိုလ်တွေဗိုလ်မှူးတွေနဲ့ စစ်မှုထမ်းရာထူးတွေ အကုန်ဖြုတ်ခိုင်းထားတယ်။ ကညနတွေက ချက်ချင်းစီမံချက်နဲ့ လုပ်ပေးနေရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံး ရှိ စစ်တပ်၊ ရဲ နှင့် ဝန်ထမ်းများအားလုံး တာဝန်အရ မဖြစ်မနေ ယူနီဖောင်းဖြင့် ခရီးသွားလျှင် စစ်တပ်နှင့်ရဲ အစောင့်အရှောက်တောင်းခံ ခရီးသွားကြရန်၊ အခြားကိစ္စများကြောင့် မဖြစ်မနေ ခရီးသွားရပါက ပြင်ပ အဝတ်အစားဖြင့် ခရီး သွားရန်၊ ဝန်ထမ်းကတ်နှင့်ဝန်ထမ်းဖြစ် ကြောင်း သက်သေအထောက်များကို မယူဆောင်ရန်၊ ဖုန်းအတွင်း ဝန်ထမ်းဖြစ်ကြောင်း သိရှိနိုင်သည့် ဓာတ်ပုံ၊ မှတ် တမ်းနှင့်အထောက်အထားများကို ဖယ်ရှားထားရန် အရေးပေါ် ညွှန်ကြားချက် အမိန့်ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- စက်တင်ဘာလအတွင်း ပခုက္ကူတွင် သေဆုံးသွားသော ဗိုလ်မှူးအောင် ထွန်း၏ ယာဉ်မောင်လိုင်စင်၊ ဖမ်းဆီးရမိပြီးနောက် သေဆုံးသည့်မြင်ကွင်းများ။