ရန်ကုန်၊ အောက်တိုဘာ ၁၅
မကွေးတိုင်း၊ မကွေးမြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထဲ့သို့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၈ နာရီအချိန် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံးပြီးနောက် လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်းယာဉ် ထိန်းရုံးထဲသို့ သေနတ်သမား ၂ ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ၅ ချက်တိတိပစ် ခတ်သွားကြောင်း၊ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်းသည် ဦးခေါင်း၊ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရရှိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ယင်းနောက် လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ၂ ဦး အဖမ်းခံရပြီး ၁ ဦး လွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးခံရသူများနှင့် ပစ်ခတ်မှုနှင့် သက်ဆိုင်မရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“မကွေး မြို့မ၊ အိုးဘို ရပ်ကွက်ဘက်မှာ လူငယ် ၂ ဦး အဖမ်းခံရပါတယ်။ အသက် ၁၉ နှစ် လူငယ်တစ်ဦး အပါအဝင် လူငယ် ၂ ဦးပါ။ ၃ ဦးရှိတာမှာ ၂ ဦး အဖမ်းခံရပြီး ၁ ဦးက လွတ်မြောက်ပါတယ်။ လူငယ် ၁ ဦးက ထွက်ပြေးလွတ် မြောက်ပါတယ်။ လူငယ်တွေက ပစ်ခတ်မှုနဲ့မသက်ဆိုင်ပါဘူး။ အဲဒါကို ဖမ်းတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ မကွေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့်ရဲများက လုံခြုံရေးတိုးမြှင့်ချထားပြီး ဝန်ထမ်းများ လုံခြုံရေး သတိပြုကြရန် အရေးပေါ် အမိန့်များ ယနေ့ ထုတ်ပြန်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ညပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားသော ယာဉ်ထိန်းရဲ ရဲမှူး စိန်ဝင်း။