ရန်ကုန်၊ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ မြို့နယ် တရားရုံကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။
“အမှုတွေကတော့ ရုံးမဖွင့်ခင် ကတည်းက စစ်နေတာပါ။ အခုကတော့ ရုံး တရား ဝင်ဖွင့်တာပေါ့။ အမှုတွေကတော့ စစ်ဆေးတာတွေ လုပ်နေပါပြီ။ အသေး စိတ်ကတော့ သူ့တာဝန်ခံတွေရှိတယ်” ဟု ကသာကပဖ အဖွဲ့ဝင်က ပြောသည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၅ ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလတရားစီရင်ရေးစနစ်ကို စတင်ပြီး တရားရုံး ၁၅ ခုကို စတင်ဖွင့်လှစ်ထားကြောင်း ယခုနှစ် မေလ ၁၉ ရက်နေ့တွင် NUG ယာယီသမ္မတက အမိန့် ထုတ်ပြန်ခဲ့သည်။
NUG တရားရုံးများ လည်ပတ်နေသည့် မြို့နယ်များမှာ တမူး၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး တို့ဖြစ်ကြောင်း၊ မြို့နယ်တရားရုံး တစ်ခုတွင် ကို တရားသူကြီး ၅ယောက်နှုန်းစီ ခန့်အပ်ထားကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ၂၉ မြို့နယ်နှင့် မကွေးတိုင်း ၇ မြို့နယ်တွင် အမျိုးသားညီညွတ် ရေးအစိုးရ NUG က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။