ရန်ကုန်၊ အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ တပ်ထဲသို့ ဒရုန်းများဖြင့် ယနေ့ နံနက်အစောပိုင်းတွင် ဗုံးကျဲ တိုက်ခိုက်ရာ ဗိုလ်တစ်ဦးနှင့် ဒုတပ်ကြပ်ကျော်စွာမိုး သေဆုံးပြီး ဗဟိုကင်းအဆောက်အအုံများ ပျက်စီးသွားကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၄၁ မိနစ်အချိန် နဂါးနီစစ်ကြောင်း၊ KNLA တပ်ဖွဲ့ဝင်များနှင့် FEDERAL WINGS အဖွဲ့ပူးပေါင်း၍ ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ-၃၂ထဲသို့ ဒရုန်းဖြင့် ၈၁ မမနှင့် ၆၀ မမတို့ဖြင့် ဗုံးကျဲတိုက် ခိုက်ရာ တပ်ရေးဗိုလ်ကြီး၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး ထိခိုက်သေဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
စစ်တပ်သတင်းရင်းမြစ်ကမူ စစ်သားများ ထိခိုက်သေဆုံးသည့်အပြင် ဗဟိုကင်းအဆောက်အအုံများ ပျက်စီးသွား၍ ယခုနံနက်ပိုင်း အမြန်ပြင်ဆင်နေရကြောင်း ပြောဆိုသည်။
“အမှတ်၃၂ ခြေလျင်တပ်ရင်းထဲကို ညကဒုံးနဲ့ပစ်တယ်။ လက်နက်ကြီးတွေ ကျတယ်။ တပ်ထဲကလူတွေထိသွားတယ်။ ဒုတပ်ကြပ် ကျော်စွာမိုးနဲ ဗိုလ်တယောက် ထိပြီးဆုံးသွားတယ်။ ဗဟိုကင်းတွေလည်း တော်တော်ထိသွားလို့အခု မနက် အားချင်း ပြင်နေကြတယ်။ ပျက်စီးသွားတဲ့ ဗဟိုကင်းတွေကို ဒီမနက်အစောကြီး ပြန်ပြင်နေကြတာ”ဟု စစ်တပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဓာတ်ပုံ- ဒရုန်းတပ်ဖွဲ့ FEDERAL WINGS တပ်ဖွဲ့ဝင်များ။