ရန်ကုန်၊ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် မီးတင်ရှို့မှု နေအိမ် ရာနှင့်ချီ ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ်အတွင်းရှိ ပိတောက်ခြုံ၊ ငါးကျင်အိုင်၊ ဆင်းနင်း၊ ကျောင်းကုန်း၊ သစ်ဆိမ့်ကြီးရွာ၊ ချောင်းမီးတို၊ သစ်ဆိပ့်ရွာ၊ မင်းကုန်း၊ ငါးပန်ချောင်း၊ ကူကြီး၊ မှတ်ထိ၊ ဆားတောင်ကြီး၊ စခန်းသာ၊ စည်ကြီးချ၊ ရွာသစ်ကုန်းနှင့် ဘုရားလေးကုန်း စသည့် ကျေးရွာများကို အောက်တိုဘာလ ၁၅ ရက်မှ စတင်ကာ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ထိ ဝင်ရောက် စီးနင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပိတောက်ခြုံမှ နေအိမ် နေအိမ် ၅ လုံး (ခန့်မှန်းအရေအတွက်)၊ ငါးကျင်အိုင်ရွာမှ နေအိမ် ၅ လုံး (ခန့်မှန်းအရေအတွက်)၊ ဆင်းနင်းရွာမှ နေအိမ် ၄ လုံး (ခန့်မှန်းအရေအတွက်)၊ သစ်ဆိမ့်ကြီးကျေးရွာမှ နေအိမ် ၃၄ လုံး၊ ကူကြီးရွာမှ နေအိမ် ၃ လုံးနှင့် ဘုရားလေးကုန်းရွာမှ နေအိမ် ၄ဝ ကျော် မီးလောင် ပြာကျကာ ကျန်ကျေးရွာမှ ပျက်စီးဆုံးရှုံးမှုများကို အတည်မပြုနိုင်သေးဘဲ ဘုရားလေးကုန်းနှင့် စခန်းသာရွာမှ ဆေးပေးခန်းနှင့် ဆေးဝါးပစ္စည်းများလည်း မီးရှို့ ဖျက်ဆီးခံရကြောင်း သိရသည်။
“လွန်ခဲ့တဲ့ အပတ်ကနေ စပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ရွာတွေကို စစ်ခွေးတွေက ဆက်တိုက် မီးရှို့နေတာ ပြည်သူပိုင် နေအိမ်တွေကို တစ်ရွာဝင် တစ်ရွာထွက် မီးရှို့နေတာ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ စခန်းသာမှာရှိတဲ့ ဆေးပေးခန်းလည်း မီးရှို့ ဖျက်ဆီးခံရတယ်။ အခု စစ်ခွေးတွေက လှတောဘက်မှာ တစ်ကြောင်း
နတ်တောင်ဘက်မှာ တစ်ကြောင်း၊ ဟန်လင်း ပျူမြို့ဟောင်းနားမှာ တစ်ကြောင်း ၃ ကြောင်းတောင်ရှိတယ်” ဟု ဒေသခံ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၁ ကြောင်းသည် ဟန်လင်း ပျူမြို့ဟောင်းကို ဝင်ရောက်စီးနင်းရန် ရောက်ရှိနေကြောင်း သိရသည်။