ရန်ကုန်၊ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်းမြို့နယ်အစပ် ကို စစ် ရဟတ်ယာဉ် ၆ စီးဖြင့် ပစ်ခတ်ပြီး စစ်အင် အားအများအပြား ချကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်မှစတင်ပြီး စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် စတင်ပစ်ခတ်ခြင်းဖြစ်ပြီး ရင်ပေါင်တိုင်ရွာ၊ ဆင်ဆွယ်ရွာ၊ ပုထိုးသာရွာများကို ဦးတည် ပစ်ခတ်ကြောင်း၊ ယင်းနောက် စစ်အင်အားအများအပြားကို ရဟတ်ယာဉ်များဖြင့် ချထားကာ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ဝင် ရောက်စီးနင်းနေကြောင်း သိရှိရသည်။
“မြေပြင်ဘာတိုက်ပွဲမှ မရှိဘဲကို လာပစ်တာ။ အခုလည်းပစ်နေဆဲ ။ အထိခိုက်ကတော့ ဘာမှကိုမပြောနိုင်သေးဘူး။အခုထွက်ပြေးသူကပြေးနေသလို အသက်ကြီးရွယ်အိုတွေ၊ကလေးငယ်နဲ့ ကျန်မာရေးမကောင်းသူတွေ ပိတ်မိနေတယ်။ အသက်အန္တရယ်အတွက်စိုးရိမ်မိတယ်။ သူတို့ ရဟတ်ယာဉ် ၆စီးနဲ့ လာပစ်တာ။ ပထမ၂စီးက ပစ်ခတ်တယ်။ ကျန်ရဟတ်ယာဉ်တွေက မြေပြင်ကိုစစ်သားတွေ ချတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ချထားသည့် စစ်အင်အား ၂၀၀ နီးပါးရှိပြီး ယခု ကျေးရွာများသို့ ဦးတည် စစ်ကြောင်း ထိုးနေကြောင်း သိရှိရသည်။
” အခု ရင်ပေါင်တိုင်ကျေးရွာအုပ်စု ရွာတွေအကုန်လုံးကို စစ်ကြောင်းထိုးနေတယ်။ ရွာရှိသူတွေ အကုန်ပြေးနေရတယ်။ မပြေးနိုင်တဲ့သူ အရမ်းများတယ်။ လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။