ရန်ကုန်၊ အောက်တိုဘာ၊ ၁၉
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို စစ်ကောင်စီတပ်မှ လက် နက်ကြီး များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှ ကျောင်းသူ ၁ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယနေ့ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်း ၁၁ နာရီကျော်ခန့်တွင် ရသေ့တောင် ရေစိုးချောင်း ဗျူဟာမှ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ပြီး နောက်ဆုံး ၁ လုံးမှာ ကျေးရွာအတွင်းသို့ကျရောက်ခဲ့ကာ ယခုကဲ့သို့ သေဆုံးမှုဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု ပြိန်းတော ဒေသခံတစ်ဦးကပြောသည်။
“တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ရေစိုးချောင်း ဗျူဟာကနေလက်နက်ကြီး ၃ လုံးပစ်
တယ်။ ပထမ ၂ လုံးက ရွာမြောက်ဖက်နဲ့ အနောက်ဖက်နားလောက်မှာကျတယ်။ ၁ လုံးက ရွာထဲကကျတယ်။ ၁၄ နှစ်အရွယ်ကလေးမလေးတစ်ယောက်ကိုထိသွားတယ်။ ခါးရိုးကျိုးပြီး နေရာမှာပဲသေတယ်။ သူက ပစ်သံကြားလို့ အိမ်ထဲကနေထွက်ပြေးတာနဲ့တူပါတယ်” ဟုပြောသည်။
သေဆုံးသွားသည့် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်မှာ မငြိမ်းငြိမ်းစံဖြစ်ပြီး သတ္တမတန်းတက်ရောက်နေသူလည်းဖြစ်သည်ဟု သိရသည်။
အဆိုပါ လက်နက်ကြီး ၃ လုံးပစ်ခတ်ပြီးနောက် ထပ်မံပစ်ခတ်မှုများလည်းမရှိတော့ကြောင်း သေဆုံးသူမငြိမ်းငြိမ်းစံအလောင်းကိုမူ သင်္ဂြိုဟ်ရန် ရွာပြင်သင်္ချိုင်းသို့လည်း မထွက်ရဲကြသေးသည့်အတွက် ရွာထဲတွင်သာ ထားထားသေးသည်ဟု ရွာသားများကဆိုသည်။
“ရွာကလူတွေတော့ မယူကမ်းအနောက်ဖက်ကို စက်လှေတွေနဲ့ပြေးသွားကြပြီ။ နေခဲ့တဲ့လူတွေကအနည်းငယ်လောက်ပဲရှိတော့တယ်။ အလောင်းလည်း မသင်္ဂြိုဟ်ရသေးပါဘူး။ ဖျာနဲ့လိပ်ပြီး ဒီအတိုင်းထားထားတယ်။ ရွာပြင်မှာ အလောင်းသင်္ဂြိုဟ်ဖို့ လူစုလူဝေးလုပ်ရင်လည်း ထပ်ပစ်နေမှာ ကြောက်နေကြတယ်” ဟုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ စသည့်တပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဖလောင်းပြင်မှ အမျိုးသမီး ၂ ဦး၊ ထောင့်ချောင်းကျေးရွာမှ တာဝန်ကျကျောင်းဆရာမ ၁ ဦးတို့သေဆုံးခဲ့ရသည်။
ယင်းအပြင် ကျောက်တော် ကစ္ဆပနဒီတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကံပိုင်မှ မွတ်ဆလင်အမျိုးသမီး ၁ ဦးထိခိုက်သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်မှ ယခုကဲ့သို့ ပစ်ခတ်နေမှုတို့ကြောင့် တစ်ရက်တည်းတွင် အမျိုးသမီး ၄ ဦးထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈ ဦးထိရှိခဲ့ကာ ၂ လကျော်အတွင်း ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၂ ဦးအထိရှိနေပြီဖြစ်သည်။
(Western News- WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)