ရန်ကုန်၊ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံကလေးကုန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တန့်ဆည် PDF တို့ ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ် သား ၈ ဦးခန့် သေဆုံးကြောင်း၊ တန့်ဆည် ကံထူးမ ရဲစခန်းကို တိုက်ခိုက်မှုတွင်လည်း ရဲ ၃ ဦးသေဆုံးကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၉ရက်၊ နေ့လယ်၁၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိနိုင်ကြောင်း တန့်ဆည် PDFထံမှ သိရသည်။
အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်ကို ဗိုလ်သိစိတ် ဦးဆောင်သော တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်ထံမှ သိရသည်။
“စခတွေက သပြေရင်းရွာကို မီးရှို့ပြီး ရွာသစ်ကနေ တဆင့် ကန်ကလေးကုန်းရွာကို ဝင်ဖို့လာတာကို တပ်ရင်း(၆)နှင့် (၇)က စောင့်တိုက်တာပါ။ ဒီကောင်တွေ အငိုက်မိပြီး အကျအဆုံးများတယ် တစ်စိတ်ကျော် (၈ယောက်)လောက် ကျတယ်။သူတို့က ကျည်အရမ်းသုံးနိုင်တော့ တအားပစ်ပြီး တိုးလာတာ။ ကျနော်တို့က ကျည်အရမ်းမသုံးနိုင်တာနဲ့ ပြန်ဆုတ်လာခဲ့တာ။ အထိအခိုက်မရှိခဲ့ပါဘူး”ဟု ရှေ့တန်းရဲဘော်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။
ထို့အပြင် တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ရွှေဘိုခရိုင် တပ်ရင်း(၂၅) TPC အဖွဲ့က အောက်တိုဘာလ ၁၉ရက် ယနေ့နေ့လယ်၂နာရီခန့်တွင် လက်နက်ကြီးဖြင့် ၃ချက် ပစ်ခတ်တိုက်ခိုက်ရာ ရဲစခန်းတွင်းမှ လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကံထူးမရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်သား၃ဦး သေဆုံးပြီး ရဲစခန်းမှူး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် အထိနာနေသော အကြမ်းဖက်စစ်တပ်က ရွာသစ်ရွာကို ဝင်ရောက် မီးရှို့နေပြီး အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ- တန့်ဆည် ကံထူးမ ရဲစခန်း။ (ပုံအဟောင်းဖြစ်သည်)