20.3 C
Yangon

မတ္တရာနှင့် ပြည်တွင် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ အလောင်း လာကောက်သည့် စစ်ကားပါ မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦး အပါအဝင် ၃ ဦး ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ် ခတ်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် အုတ်ဖိုရွာသစ် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အောင် ဝင်းကြီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နတ်ဆိုး မြေအောက်တော် လှန်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်တပ်က ခန့်အပ်ထားသော အုတ်ဖိုရွာသစ် အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်းအုပ်ချုပ်ရေးမှူးထံမှ လက်လုပ် ပွိုင့် ၂၂ သေနတ်တစ်လက်နှင့် ကျည်လေးတောင့် သိမ်း ဆည်းရမိခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးသည် ပြည်သူများကို ဖမ်း ဆီးခြင်း၊ ငွေညှစ်ခြင်း၊ ရန်ပြု သောင်းကျန်းနေသူ ဖြစ်ပြီး ပြည်သူများထံမှ ဆက် ကြေး ကောက်ခံကာ စစ်တပ်ထံ ငွေရှာပေးနေသူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီး၏ အလောင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အလောင်းလာကောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကားကို မတ္တရာမြို့နယ် ဈေးသစ်ရွာနှင့် တံတားကုန်းရွာ အကြား၌ ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် မတ္တရာလမ်းပိုင်းရှိ ကုလားမတောင်ကျေးရွာနှင့် ပုသိမ်လေးကျေးရွာ အကြားတွင် မန္တလေးနှ မတ္တရာသို့ မောင်းလာသော စစ်ကား ၃ စီးကို ပဒေသာမိုင်း ၂ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် MDY PDF (Mongoose Squadron) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ် အကြားရှိ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ် အကြားရှိ ရန်ကုန်-ပြည် လမ်းပိုင်း၌ သုံးဆယ်မြို့နယ် အနောက်လက်ပံခုန်ရက်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းနှင့် ၎င်းအား နောက်ကွယ်မှ ချုပ်ကိုင်နေသည့် ဇနီးဖြစ်သူ စိုက်ပျိုးရေးဘဏ်ဝန်ထမ်း လဲ့လဲ့ဝင်း တို့ ပစ်ခတ်ခံရခြင်း ဖြစ် ကြောင်း သိရသည်။

” အုပ်ကြီးကတော့ ခါးကို ကျည်ဖောက်ပြီး ထိမှန်သွားတယ်။ သူ့မိန်းမကတော့ ခြေတောက်ကို ဖောက်ပြီး ကျည်မှန်သွားတယ်။ လက်ပံတန်း ဆေးရုံကနေ သာယာဝတီ ခရိုင် ဆေးရုံကို ပို့ဆောင် ကုသနေတယ်တဲ့။ အုပ်ကြီး မိန်းမကတော့ မသေဘူး။ ခြေတောက်ပဲမှန်တာဆိုတော့ အုပ်ကြီးကတော့ မသေချာဘူး” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သာယာဝတီဂဠုန်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်က ခန့်အပ်ထားသော အုတ်ဖိုရွာသစ် အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးနှင့် ၎င်းထံမှ သိမ်းဆည်းရမိသော လက်လုပ်သေနတ်၊ ကျဉ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article