By ရန်ကုန်ခေတ်သစ်
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်၊ ထောင်ဝင်စာတွေ့ဆုံသည့် အဆောင်တွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန် ပါ ဆယ်ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ဝင်စာ လာပို့သည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များနှင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေများနှင့် အကျဉ်းဦးစီးဌာနသတင်း ရပ်ကွက်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ အတည်ပြုပြော ဆိုသည်။
အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်တစ်ခုက ဗုံးပေါက်ကွဲပြီးသည်နှင့် စစ်တပ်က ဗုံးပေါက်ကွဲသည့် ထောင်ဝင်စာ ပေးပို့သည့် အဆောင်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ထောင်ဝင်စာ အဆောင်ကို ပစ်ခတ်သည်ကို မသိရှိသော်လည်း နေရာနှစ်ခုမှ လားရာတူ ထောင်ဝင်စာ အဆောင် နေရာသို့ သေနတ်ဖြင့် ဆက်တိုက် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း အတည်ပြုသည်။
“ဗုံး ၂ လုံးဆင့် ပေါက်ပြီးတော့ တဒိုင်းဒိုင်းနဲ့ပစ်တာ။ ထောင်ဝင်စာ အဆောင်ဘက်ကို ။ ပစ်တာကလည်း လုံခြုံရေးယူထားတဲ့ နေရာနှစ်ခုကနေ ပစ်တာ ။ ပစ် ခတ်တာကလည်း လားရာတူ အဆောင် ဆိုတော့ တစ်နေရာတည်းက ဆိုရင်တောင် ရမ်းသမ်းပစ်တယ် ပြောလို့ရပေမယ့် နေရာနှစ်ခုက လားရာတူကို တစ်ပြိုင်နက်တည်း ပစ်တာမျိုးဆိုတော့ ရည်ရွယ် ချက်တူ လုပ်တာမျိုးလို့ သုံးသပ်နိုင်တယ်။ ဗုံးပေါက်တဲ့အချိန်မှာ လူတွေက ဝရုန်းသုန်းကား အဆောင်ထဲမှာ ဖြစ်နေပြီ။ အဲဒီအချိန်မှာ လူတွေ ၀ရုန်းသုန်းကား ဖြစ်နေတဲ့ အဆောင်ကို လုံခြုံရေးက ပစ်တာကိုတော့ သေချာပေါက်ပြောနိုင်တယ်” ဟု အကျဉ်းဦးစီး ဌာနသတင်းရင်းမြစ်က ဆိုသည်။
ထောင်ဝင်စာအဆောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အုတ်နံရံ ကျည်ထိမှန်မှုများနှင့် ကျည်ဆန်ထိမှန်ကြောင့် ပျက်စီးမှုများရှိသည်ဟု အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကဆိုသည်။
သေဆုံးသူများတွင် ကျောင်းသားခေါင်းဆောင်ဟောင်း ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့်၊ နိုင်ငံရေးအကျဉ်သား ကိုရဲစိုးထွန်း မိခင် ဒေါ်ခင်ခင်ထွန်း၊ ဖမ်းဆီးခံထားရသော Dark Shadow အဖွဲ့မှ ရဲဘော်ဟိန်းမင်းထက်၏မိခင်တို့ပါ ပါဝင်ကြောင်း သိရှိရသည်။
အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိသော ပြည်သူတချို့က ဗုံးပေါက် ကွဲမှု အပြင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူများ သေဆုံးခဲ့ကြောင်း၊ ၀ရုန်းသုန်းကားဖြစ်နေစဉ် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူတချို့ လဲကျ သေဆုံးမှုကို မြင်တွေ့ရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
“အင်းစိန်မှာဗုံးပေါက်တာ၉ နာရီခွဲ။ စာအိတ် နဲဆေး ပေးရတဲ့ကောင်တာက စပေါက်တာ။ ဗုံးပေါက်ပြီးတော့ ဝရုန်း သုန်းကားနဲ့ပြေးကြတာ။ တချို့လည်း ဝင်တိုက်ခံရလို့ပစ်လဲသွားကြတယ်။ ကောင်တာရှေ့မှာ အရပ်ဝတ်ဘောင်းဘီတိုအဖြူနဲ့ ပြည်သူတယောက်လဲကျနေတယ်။ သွေးတွေနဲ့ ပြန်မထနိုင်ဘူး။ ကောင် တာအတွင်းဘက်မှာ ၃ ယောက်လောက်ထိသွားတယ်။ ထောင်ဝန်ထမ်းတွေလေ။ သူတို့ကောင်တာထဲ ပါဆယ်အထုပ်က စပေါက်တာ။ ဗုံးပေါက်ပြီးတော့ အဆောင်ထဲကို ၇ ချက်၊ ၈ ချက်လောက် ဆက်တိုက် လှမ်းပစ်တာ။ သူတို့ လှမ်းပစ်တဲ့အချိန်မှာလည်း အထဲမှာ ထိကုန်ကြတယ်” ဟု မျက် မြင်သက်သေတစ်ဦးက ပြောဆိုသည်။
အခြားထောင်ဝင်စာသွားတွေ့သည့် မျက်မြင်တစ်ဦးကလည်း “အင်းစိန် ထောင်ရှေ့ ဗုံးပေါက်တာမှာ စစ်ခွေးတွေ ရမ်းပစ်လို့ ပြည်သူ တစ်ဦး ထိသွားပြီး လဲကျသွားတယ်။ ပြန်မထနိုင်တော့ဘူး။ စစ်တပ်က ရမ်းပစ်တာမှာလည်း ထိတယ်။ ကျနော် တို့လည်း ပြန်လာခဲ့ရတာ။ ဒီဘက်လမ်းကနေ မြင်နေရတယ်” ဟု ဆိုသည်။
အင်းစိန်ထောင် ထောင်ဝင်စာ ဗုံးဖောက်ခွဲမှုကို STA အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး ထောင်တွင်း ဖိနှိပ်မှုများကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အကျဉ်း ထောင် ဝန်ထမ်း ၄ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထား သည်။
အင်းစိန်ထောင်တွင် ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗုံးပေါက်ကွဲမှုနှင့် ထောင်လုံခြုံရေးမျှော်စင်ပေါ်မှ ပစ်ခတ်မှုများကြောင့် ထောင်ဝင်စာလာပို့သူများနှင့် ထောင်တွင်းရုံးထုတ်သို့ လာရောက်သည့် ပြည်သူများ ထိခိုက် သေဆုံးခဲ့ရမှုကို ပြင်းထန်စွာ ရှုတ်ချပြီး တိုက်ခိုက်မှုကို မည်သည့်အစုအဖွဲ့က လုပ်ဆောင်သည် ဖြစ်စေ တာဝန်ခံရမည်ဖြစ်ကြောင်း ၊အင်းစိန်ထောင်သည် မတရားအကျဥ်း ချခံထားရသော နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားများအ တွက် ထောင်ဝင်စာပေးပို့ရန် လာရောက်သည့် မိသားစုဝင်များ၊ ဥပဒေအထောက် အကူပြုပုဂ္ဂိုလ်များ အပါအဝင် အရပ်သားများ အမြဲလှုပ်ရှားသွား လာနေသည့် နေရာဖြစ်ပြီး ထိုသို့ အများပြည်သူသွားလာနေသည့် နေရာမျာ းသည် စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်သည့် နေရာများဖြစ်သည်ဟု ယူဆကြောင်း စစ်အာဏာရှင် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM) ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ် ကော်မတီ (GSCN) တို့ ပူးတွဲကြေညာသည်။
အလားတူ Dark Shadow ၊ HRD ၊ YUG အပါအဝင် မြေအောက် UG အဖွဲ့များက ဗုံးဖောက်ခွဲမှုနှင့် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကို ရှုတ်ချကြောင်း ပြောဆိုထားကြသည်။
ဓာတ်ပုံ- ယနေ့ ဗုံးပေါက်ကွဲမှုနှင့် စစ်တပ်၏ ပစ်ခတ်မှု ဖြစ်ပွားသော အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာ အဆောင်။