ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နန့်သာရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ရွာထဲ၌ မီးလောင်နေကြောင်း Indaw Revolution -IR အဖွဲ့ထံမှ သိရသည်။
နန့်သာရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း မီးလောင်နေပြီး အင်းတော်မြို့ပေါ်မှ မီးခိုးများ လှမ်းမြင်နေရကြောင်း သိရသည်။
” ဒီနေ့ စစ်ခွေးတွေ တိုက်လေယာဥ်နဲ့ လာပြီး ဗုံးကျဲတာ နန့်သာရွာက ကုန်စုံဆိုင်တစ်ဆိုင် ထိတယ်လို့ပြောတယ်။ ကျန်တာတဲ့ ထိခိုက်မှု ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး ပြည်သူတွေ ထိခိုက်မှု ရှိမရှိလည်း အတည်မပြုနိုင်သေးဘူး။ အင်းတော်မြို့ပေါ်က ကြည့်တာတော့ မီးခိုးတွေ လှမ်းမြင်နေရတယ်လို့ ဒေသခံတွေပြောတယ်” ဟု Indaw Revolution -IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းကလည်း အင်းတော်မြို့နယ် အောင်းကုန်းရွာကို အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၃ လုံး မီးလောင်ပြာကျကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ပိတ်မိနေသောကြောင့် တိုက်လေယာဥ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက် နေခြင်းဖြစ်ကြောင်းသိရသည်။