ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာတော်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၂၀ ပြာကျခဲ့ကြောင်း သိရသည်။
ရွာတော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၂၀ ပြာကျပြီး နွား ၆ ကောင်နှင့် ဆိတ် ၂ ကောင်ကိုလည်း သတ်ဖြတ်သွားကြောင်း၊ ဝက်လက်မြို့နယ် အခြေစိုက် ဗကသ ရုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကွန်ပျူတာ ၂ လုံး ၊ ကာလာပရင်တာ ၁ လုံးတို့ ဖျက်ဆီးခံရပြီး စုစုပေါင်း တန်ဖိုး ၁၇ သိန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းချိန်၌ ပြည်သူ ၃ ဦးဖမ်းဆီးခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတည် မပြုနိုင်သေးကြောင်း၊ ရွာတော်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၃ နာရီခန့်တွင် မကျီးသုံးပင်ရွာကို ဆက်လက် စီးနင်းခဲ့ပြီး ထနောင်းကိုင်းရွာသား ကိုနိုင်ကို ဖမ်းဆီး သတ်ဖြတ် သွားကြောင်း သိရသည်။
” ဝက်လက်မြို့နယ်ကို အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့အတွက် ရွာတော်ရွာက နေအိမ် ၁၂၀ ပြာကျသွားတယ်။ ပြည်သူ ၃ ဦး သတ်ခံရတယ်။ အမည်တွေတော့ မသိရသေးဘူး။ မကျံးသုံးပင်ရွာက လူကိုလည်း စစ်ခွေးတွေက သေနတ်ဒင်နဲ့ ဝိုင်းထုပြီး သတ်သွားတယ်။ ထနောင်းကိုင်းရွာသား ကိုနိုင်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။