ရန်ကုန်၊ အောက်တိုဘာ ၂၀
မကွေးတိုင်း နတ်မောက်မြို့ ဒေသခံ ပြည်သူ ကိုအောင်ကျော်ကျော်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကိုအောင်ကျော်ကျော် ဖမ်းဆီး မခံရမှီ အောက်တိုဘာလ ၁၈ ရက်နေ့တွင် နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်ရုံး၏ ငါးပြေမပျောက်တပ်ဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်ထွက် ဝင်းအောင်၏ နေအိမ်ကို ချိန်ကိုက်မိုင်းတစ်လုံး ဝင်ရောက် တပ်ဆင်ထားချိန် အချိန်မပြည့်မှီ စစ်တပ်က ဝင်ရောက် ရှင်းလင်းသွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြို့မကွက်သစ်ရပ်ကွက်မှ နတ်မောက်မြို့နယ် ပညာရေးမှူး စစ်တပ် သတင်းပေး သန်းထိုက်၏ နေအိမ်ကို အသံမိုင်း တစ်လုံး ပစ်ခွဲခဲ့ကြောင်း၊ အဆိုပါ မြို့နယ် ပညာရေးမှူး သန်းထိုက်သည် CDM ပညာရေး ဝန်ထမ်းများကို ဖမ်းဆီး ဖိအားပေးခြိမ်းခြောက် လှုံ့ဆော်နေခြင်းမှ ရပ်တန့်ရန်၊ စစ်တပ် တောက်တိုင်အဖြစ် သတင်းပေးဒလန်လုပ်နေခြင်းမှ ရပ်တန့်ရန် ရည်ရွယ်ပြီး ပညာရေးမှူး သန်းထိုက်ရဲ့ နေအိမ်ထဲကို မိုင်းပစ်ပြီး ဖောက်ခွဲသတိပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ယင်းရပ်ကွက် အတွင်းရှိ လူငယ် အများအပြားကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဖမ်းဆီး ခံရသူများတွင် နတ်မောက် မြို့မကွက်သစ် ရပ်ကွက်နေ အသက် ၂၄ အရွယ် ကိုအောင်ကျော်ကျော်လည်း ပါဝင်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကြောရေး၌ မတရား ရိုက်နှက် ထားသော ဒဏ်ရာများဖြင့် သေဆုံးသွားပြီး အကြမ်းဖက် စစ်တပ်က မြို့ပြင် အမှိုက်ပုံ၌ သွားရောက် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
” ကိုအောင်ကျော်ကျော်က မတရားဖမ်းဆီးသတ်ဖြတ်ခံရတာပါ။ သူက အရောင်းဝန်ထမ်းတစ်ဦးပါ။ အပြစ်မဲ့တဲ့ သာမန်ပြည်သူ ကိုအောင်ကျော်ကျော်ကို အကြမ်းဖက် စစ်ကောင်စီမှ မတရား စွပ်စွဲ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ခဲ့တာပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ကိုအောင်ကျော်ကျော်၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နတ်မောက်မြို့ သုဿန်၌ စစ်သားနှင့် ရဲများက လက်နက်ကိုင်ဆောင် စောင့်ကြည့်ပြီး သဂြိုလ်ခဲ့ကြောင်း သိရသည်။