ရန်ကုန်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သရီတိုင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် သတင်းပေးဟု သတ်မှတ်ခံရသူများ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ညောင်လေးပင်၊ ဂျောင်းတာရွာ အုပ်ချုပ်ရေးမှူး နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အင်းဝိုင်း ကျေးရွာအနီး၌ ကျောက်ကြီး မြို့ပြပြောက်ကျား ဗိုလ်မိုက်ခဲ အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နေဝင်းသည် ပြည်သူ လူထု အပေါ် နည်းမျိုးစုံဖြင့် ဗိုလ်ကျ ဖိနှိပ် ခြိမ်းခြောက် ခြင်းများကြောင့် နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
မတ္တရာ၊ ကြိမ်တောရွာမှ စစ်တပ် သတင်းပေး အောင်သူ ပစ်ခံရပြီး သေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြိမ်တောရွာမှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ အောင်သူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ကြိမ်တောကျေးရွာမှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူအောင်သူကို Defend of The Ayeyawaddyနှင့် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အောင်သူသည် စစ်တပ်ကို သတင်းပေးရုံ သာမက PDF တပ်ဖွဲ့များကိုလည်း အကြိမ်ကြိမ် ခြိမ်း ခြောက် ထားသူဖြစ်ကြောင်း၊ မန္တလေးမှ စစ်သင်္ဘောများ ထွက်ခွာလာချိန် မကျေနပ်သော ကျေးရွာများကို PDF ရှိသည်ဟု သတင်းပေးခဲ့သောကြောင့် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများ စစ်တပ်က လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဒလန် အောင်သူကို Defend of The Ayeyarwaddy မှ ယူနီကွန်း ပျောက်ကြားတပ်နှင့် ပူးပေါင်းရှင်းလင်ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။
ဝက်ချောင်းရွာမှ ပျူစောထီး ညံအေး ပစ်ခတ် ခံရပြီး သေဆုံး
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဝက်ချောင်းရွာ ပျူစောထီးအဖွဲ့ဝင် ညံအေးကို ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ညံအေး ဆိုသူကို ထားဝယ်(ပကဖ)DGRF၊ လောင်းလုံး (ပကဖ) LLPDFနှင့် T-PDF ရဲဘော်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီးအဖွဲ့ဝင် ညံအေးသည် နေအိမ်သို့ ခေတ္တ ပြန်လာလာစဥ် ပစ်ခတ်တိုက်ခိုက် ခံရခြင်းဖြစ်ပြီး သား၊ သမီး ၃ ဦးရှိသည့် အနက် ၂ ဦးမှာ Non-CDMm ဝန်ထမ်းများဖြစ်ကြောင်း၊ သို့သော် ညံအေး၏ သားဖြစ်သူ ကိုသားငယ်သည် စစ်အာဏာရှင် ဆန့်ကျင်နေသူ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူukd မဖြစ်မနေ ရှင်းလင်းလိုက်ရသည့်အတွက်နား လည်ခွင့်လွှတ်ပေးစေလိုကြောင်း ကိုသားငယ်ကို PDFအဖွဲ့များက တောင်းပန်ထားသည်ဟု သိရသည်။
ချီပါရွာ အုပ်ချုပ်ရေးမှူး၏ အကို စစ်တပ် သတင်းပေး ညိုကြီး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ချီပါ(တ)ရွာမှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ညိုကြီးကို အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်ခံရသော ညိုကြီးသည် အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်ပြီး အောက်တိုဘာလ ၁၉ရက်နေ့ ညနေပိုင်း ၃ နာရီ ၃၀ မိနစ်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း၊ ညိုကြီးဆိုသူသည် စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူ ဖြစ်ပြီး မည်သည့် အဖွဲ့က သတ်ဖြတ်သည်ကို အတည်မပြုနိုင်သေးဘဲ သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကိုလည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
ရွှေဘို မြင်းချင်းရွာတွင် ပျူစောထီး လင်မယား မိုင်းဆွဲ ခံရပြီး ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာတွင် နေထိုင်သည့် ပျူစောထီး လင်မယား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မြင်းချင်းရွာ၌ နေထိုင်သော ပျူစောထီး မောင်မျိုးနှင့် ဇနီးဖြစ်သူတို့ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း၊ ပျူစောထီး မောင်းမျိုးသည် ဝမ်းဗိုက်ပွင့်ကာ သေဆုံးသွားပြီး ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။
ပျူစောထီး လင်မယားသည် ဇီးကုန်းလေးကျေးရွာမှ အပြန် ဇီးကုန်းလေးနှင့် မြင်းချင်းရွာ အကြား မူးဘောင်တွင် ဘိန်းဘုရင် ခွန်ဆာ (Lpdf) အဖွဲ့နှင့် မင်းညီနောင်ပြောက်ကျားအဖွဲ့ (shwe bo)နှင့် Bo BaTaw (Lpdf) Shwe bo အဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘန်လောရွာတွင် စစ်တပ် သတင်းပေး ကျော်သူရ ပစ်ခတ်ခံရပြီး သေဆုံး
တနင်္သာရီ မြို့နယ် ဘန်လောရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်သူရကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် ကျော်သူရကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးဖွဲ (ပကဖ) ရဲဘော်များမှ ဖမ်းဆီးသွား၍ လမ်းပိုင်း တစ်နေရာတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ကျော်သူရကို ပကဖ အဖွဲ့က စစ်တပ် သတင်းပေး ဆက်လက် မလုပ်ဆောင်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဆက်လက် လုပ်ဆောင်သည့် အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကောက်ကွေ့ရွာ အုပ်ချုပ်ရေးမှူး နေအိမ်အား ပစ်ခတ်ခံရ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်ကွေ့ကျေးရွာ အုပ်ချုပ်ရေးမှူး တင်မောင်သန်း နေအိမ်ကို ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကောက်ကွေ့ရွာရှိ အုပ်ချုပ်ရေးမှူး တင်မောင်သန်း နေအိမ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗိုလ်မိုက်ခဲဦး ဆောင်သော ကျောက်ကြီး မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်စဥ်အတွင်း အုပ်ချုပ်ရေးမှူး နေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် အပြန်အလှန် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့ကြောင်း၊ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များမှ ၄၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း Bago Region-PDF က ထုတ်ပြန်ထားသည်။