ရန်ကုန်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားနေရာများ၊ စစ်ဆေးရေး ဂိတ်များနှင့် စစ်ကားများ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂၁ ဦးခန့်သေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သတင်းရရှိသည်။
မြင်းမူတွင် စစ်တပ် တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီး ၁၁ ဦးခန့်သေဆုံး
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီး ၁၁ ဦးခန့်သေဆုံးကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက် ည ၇ နာရီခန့်က မြင်းမူ မြို့မရဲစခန်းတွင် အရက်ထိုင်သောက်နေသော ရဲများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦးသေဆုံး သိရသည်။
နံနက် ၅ နာရီ ၁၀ မိနစ်ခန့်ကလည်း မြင်းမူမြို့ စာသင်ကျောင်း အတွင်း တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများကို မြင်းခြံခရိုင် တပ်ရင်း ၇၊ ZERO ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ရင်း ၇ တပ်ခွဲ TRUE FIGHTER အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကိုင်း-မြင်းမူ လမ်းပိုင်းတွင် စစ်ကား ၃ စီးမိုင်းဆွဲခံရပြီး ၁၀ ဦးခန့်သေဆုံး
စစ်ကိုင်း-မြင်းမူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်း တပ်မ ၃၃ မှထွက်လာသော စစ်ကား ၃ စီးကို စစ်ကိုင်း-မြင်းမူ လမ်းပိုင်းတွင် ကျွန်ုပ်တို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၃ နေရာခွဲ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးတွင် စစ်ကား ၁ စီးကို မိုင်း ၅ လုံးဖြင့် ပထမအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ကန်ဖျားဇရပ်အနီးတွင် ၂ စီးမြောက်ကားကို မိုင်း ၁၀ လုံးဖြင့် ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ည ၇ နာရီ ၂၆ မိနစ်ခန့်တွင် ကန်ဖျားဇရပ်နှင့် ထီးဆောင်းရွာ အကြားတွင် ၃ စီးမြောက်ကားကို မိုင်း ၁၀ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu ညီနောင်သုံးဖွဲ့ နှင့် စစ်ကိုင်း တပ်ရင်း(၃) တပ်ခွဲ(၅) မှ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးကာ ၇ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တန့်ဆည်တွင် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရ
==============================================စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အတွင်း စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသောနေရာများ တိုက်ခိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ကံထူးမသို့ ဝင်လာသည့် စစ်တပ် စစ်ကြောင်းကို Taze Stone၊ Taze Yoe Tan၊ local တစ်ဖွဲ့ Hydra Force၊ vikingsနှင့် ပူးပေါင်းအဖွဲ့များ လက်နက်ကြီးများ၊ ရှော့ဒုန်း များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တန့်ဆည်မြို့ပေါ် အထိုင်ချထားသော စစ်ကောင်စီစခန်းအား Taze Stone နှင့် Taze Yoe Tan မှ ရှော့ဒုန်းများဖြင့် ထပ်မံ ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်မှတ်များ တိကျခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရွှေဘိုတွင် စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စစ်တပ် စစ်ရေးဂိတ် တိုက်ခိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရွှေဘို တောင်ဘက် မုဒ်ပေါက်အနီး ဂိတိစခန်းတွင် ပြည်သူပိုင် ဆိုင်ကယ်များအား သိမ်းဆည်းကာ ဓါးပြတိုက်နေသည့် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို BLACK WOLF – ARMY တပ်ဖွဲ့ဝင်များက ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ရဲဘော်များ နှင့် ပြည်သူများအတွက် လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း BLACK-ARMY အဖွဲ့က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ