ရန်ကုန်၊ အောက်တိုဘာ ၂၂
မြန်မာ့ရေတပ်ကို ကိုရီးယားနိုင်ငံထုတ် စစ်သင်္ဘောတစ်စင်း ၂၀၀၉ ခုနှစ်အတွင်းက ရောင်းချလွှဲပြောင်းခဲ့မှုအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲ အရေးယူဆောင်ရွက်ပေးဖို့ Justice for Myanmar နဲ့ Korean Civil Society in Support of Democracy in Myanmar အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ စစ်သင်္ဘော ရောင်းချမှုအတွက် Posco International၊ Daesun Shipbuilding & Engineering နဲ့ ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနတို့ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ ဒါကို Justice For Myanmar နဲ့ Korean Civil Society in Support of Democracy in Myanmar တို့က ကြိုဆိုတယ်လို့ ယမန်နေ့က ထုတ်ပြန်ပြောဆိုခဲ့တာပါ။
တရားစွဲဆို အရေးယူခြင်းဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရောင်းချမှုအတွက် အရေးယူတာဝန်ခံစေဖို့၊ ကိုရီးယားသမ္မတနိုင်ငံက နောက်ထပ်စစ်လက်နက် တင်သွင်းရောင်းချမှုတွေကို တားဆီးနိုင်ဖို့တွေမှာ တွန်းအားဖြစ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို တောင်ကိုးရီးယားရဲ့ တရားမဝင်စစ်လက်နက်တင်ပို့မှုတွေ
ကိုရီးယားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်း Eximbank က အများစုပိုင်ဆိုင်ထားတဲ့ Daesun Shipbuilding & Engineering ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာ Landing Platform Dock (LPD) အမျိုးအစား စစ်သင်္ဘောတစ်စင်း တင်ပို့ဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ LPD ဆိုတာ ကုန်းရေ နှစ်သွယ်သုံး စစ်သင်္ဘောအမျိုးအစားဖြစ်ပြီး စစ်တပ်စစ်ဆင်ရေးတွေအတွက် စစ်သည်တွေ နေရာချပေးဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးဖို့ ဒီဇိုင်းဆွဲထားတာဖြစ်တယ်။
ဒါပေမဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Defense Acquisition Program Administration က အဲ့ဒီတင်ပို့ခွင့်တောင်းခံချက်ကို ခွင့်မပြုပဲ ငြင်းပယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ငါးလအကြာမှာ Posco International ကုမ္ပဏီက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတို့အတွက် အသုံးပြုဖို့ ဘက်စုံသုံးထောက်ပံ့ရေးသင်္ဘော ‘Multi-Purpose Support Vessel (MPSV)’ တစ်စင်း တင်ပို့ရောင်းချဖို့ ခွင့်ပြုချက်တောင်းခံလွှာတစ်စောင်ကို တင်သွင်းခဲ့ပြီး၊ အဲ့ဒီ သင်္ဘောကို အရပ်ဘက် အသုံးပြုမှုအတွက် တည်ဆောက်တာဖြစ်ကြောင်း ပြောခဲ့တယ်။
ဒီတခေါက်မှာတော့ ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့ရေတပ်က ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေး သင်္ဘောတစ်စင်းကို ဝယ်ဖို့ကြိုးပမ်းနေတာ၊ အဲ့ဒီ သင်္ဘောကို မြန်မာ့ရေတပ်ကပဲ အသုံးပြုမှာကို သိလျက်နဲ့ တင်ပို့ခွင့်ပေးခဲ့ပါတယ်။
လျှို့ဝှက်ပေါက်ကြားလာတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က မြန်မာစစ်တပ်ရဲ့ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးဆီ ပေးပို့ခဲ့တဲ့ ၂၀၁၇ ခုနှစ် အစည်းအဝေးအကြောင်းကြားစာတစ်စောင်မှာ တချိန်က Posco Daewoo လို့ခေါ်တဲ့ Posco International က တင်ပြလာတဲ့ MPSV စစ်ရေယာဉ်ဝယ်ယူရေး စီစဉ်ထားတဲ့အကြောင်းကို ဖော်ပြထားပါတယ်။
မြန်မာ့ရေတပ်က ပြည်သူ့အာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ ရေတပ်တပ်ကြပ်ကြီး မြတ်မင်းသူက တောင်ကိုရီးယားရဲတပ်ဖွဲ့ဆီ တရားဝင်တင်သွင်းခဲ့တဲ့ သက်သေအထောက်အထား တွေမှာ သင်္ဘောရဲ့ မူလဒီဇိုင်းပုံတွေအရ အဲ့ဒီ သင်္ဘောကိုစစ်ဘက်အသုံးပြုမယ့် ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေး စစ်သင်္ဘောအဖြစ် တည်ဆောက်ခဲ့တာဖြစ်ကြောင်း၊ Posco International က တင်ပို့ရောင်းချခွင့်တောင်းဖို့ တင်သွင်းခဲ့တဲ့ MPSV ဒီဇိုင်းတွေက ဒီဇိုင်းမှားတွေဖြစ်ကြောင်း သက်သေပြနေပါတယ်။
မြတ်မင်းသူက အရင် LPD စစ်သင်္ဘောရဲ့ အမှုထမ်းတစ်ဦးဖြစ်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံမှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက် မကြာမှီမှာပဲ LPD စစ်သင်္ဘောနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား ဖိုင်အများအပြားကို သူနဲ့အတူ ယူဆောင်ပြီး ပြည်သူ့အာဏာဖီဆန်ရေးလုပ်ဆောင်မှု (CDM) မှာ ပါဝင်လာခဲ့သူ ဖြစ်တယ်။
အဲ့ဒီ သင်္ဘောတည်ဆောက်ရေးဒီဇိုင်းပုံစံတွေမှာ သေနတ် ၅ လက် ပါဝင်ကြောင်း Justice For Myanmar၊ Korean Civil Society in Support of Democracy in Myanmar နဲ့ Myanmar Now တို့ဆီ မြတ်မင်းသူက ပေးပို့ခဲ့ပြီး၊ ပထမဆုံးအကြိမ် အများပြည်သူရှေ့ ထုတ်ပြန်ခဲ့တဲ့ သင်္ဘော ဒီဇိုင်းပုံတွေက ပြသနေပါတယ်။ Daesun Shipbuilding နဲ့ metadata တို့က ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေမှာ အရပ်ဘက်သုံးရေယာဉ်တစ်စင်း တည်ဆောက်ဖို့အတွက် တင်ပို့ရောင်းချဖို့ ခွင့်ပြုချက် ရရှိပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်မှာ အဲ့ဒီသေနတ်တွေပါဝင်တဲ့ ဒီဇိုင်းတွေကို ရေးဆွဲခဲ့တဲ့အကြောင်း ဖော်ပြနေပါတယ်။
အဲ့ဒီသေနတ်တွေကို မြန်မာနိုင်ငံကို သင်္ဘောလွှဲပြောင်းပေးအပ်ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်မှာမှ တပ်ဆင်ခဲ့တာဖြစ်ပေမယ့် သေနတ်တွေ အတွက် လျှပ်စစ်ကြိုးတွေနဲ့ ဆက်သွယ်ရေးစနစ်တွေကိုတော့ Daesun Shipbuilding & Engineering က တောင်ကိုရီးယားနိုင်ငံမှာ တပ်ဆင်ခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ တည်ဆောက်ရေး ဒီဇိုင်းအစီအစဉ်တွေအရ သိရပါတယ်။
လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေက အဲဒီသင်္ဘောကို စစ်သည်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့နဲ့နေရာချဖို့ ဒီဇိုင်းရေးဆွဲထားကြောင်းကိုလည်း ဖော်ပြပါတယ်။
၁.၁ F သင်္ဘောကုန်းပတ်ကို အရာရှိ ၆၉ ဦးကို သယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းရေးဆွဲထားပြီး၊ အထူးဧည့်သည်တော်ခန်းတစ်ခု ပါပါတယ်။
၂.၂ G သင်္ဘောကုန်းပတ်ကို စစ်သည် ၂၆၁ ဦးနှင့် ဟယ်လီကော်ပတာ ၃ စင်းအထိ သယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ အဲဒီကုန်းပတ်မှာ ဟယ်လီကော်ပတာဆင်းသက်ကွင်း ၂ ကွင်း Mi-2, Bell-412 သို့မဟုတ် Airbus Eurocopter AS365 တို့လို လေယာဉ်တွေ ဆင်းသက်ဖို့ ကွင်းတစ်ကွင်းပါပါတယ်။ LPD စစ်သင်္ဘောတွေမှာ Mi-17 လေယာဉ်တွေ ယာယီဆင်းသက်နိုင်ပါတယ်။
၃.၃ H သင်္ဘောကုန်းပတ်ကို စစ်သည် ၄၅ ဦးနှင့် Sinotruk သို့မဟုတ် Tata trucks ၁၃-၁၅ စီး သယ်ယူပို့ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။
၄.၄ J သင်္ဘောကုန်းပတ်ကို စစ်သည် ၁၈၂ ဦး သယ်ယူပို့ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။
၅.၅ K သင်္ဘောကုန်းပတ်ကို T-72S တင့်ကား ၁၂ စီးနှင့် BTR-3U သံချပ်ကာလူသယ်ယာဉ် ၄ စီးတို့ သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။
သင်္ဘောဒီဇိုင်းမှာ မြန်မာစစ်တပ်ရဲ့ ထရပ်ကားတွေ၊ တင့်ကားတွေနဲ့ သံချပ်ကာလူသယ်ယာဉ်တွေ၊ ယာဉ်ရွှေ့ပြောင်းပင့်စက်တစ်ခုနဲ့ ၂၃ မီတာ ကမ်းတက်ရေယာဉ် ၂ စီးတို့တွေနဲ့ ကိုက်ညီအောင် ဒီဇိုင်းရေးဆွဲထားတဲ့ ယာဉ်ထိန်းသိမ်းသိုလှောင်ရာနေရာတွေ ပါရှိပါတယ်။
မြတ်မင်းသူဆီက ပေးပို့တဲ့ စာရွက်စာတမ်းတွေအရ ယင်းသင်္ဘောရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၂.၃ သန်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ Justice For Myanmar၊ Korean Civil Society in Solidarity with Rohingya နဲ့ Korean Transnational Corporation Watch တို့က မြန်မာစစ်တပ်ကို ပံ့ပိုးကူညီ နေကြတဲ့ Daesun Shipbuilding & Engineering, Posco International နဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကို တိုင်ကြားတဲ့ တိုင်ကြားစာတွေကို ကိုရီးယားနိုင်ငံရှိ OECD နိုင်ငံအဆင့် တိုင်ကြားချက်ဌာနနဲ့ ကိုရီးယားလူ့အခွင့်အရေးကော်မရှင်တို့ဆီ တင်သွင်းတိုင်ကြားခဲ့ပါတယ်။
အဲ့ဒီတိုင်ကြားမှုကြောင့် LPD တင်ပို့ရောင်းချမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြတ်မင်းသူရဲ့ ပူးပေါင်းဆောင်ရွက်မှုကတဆင့် ကူညီပံ့ပိုးပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ကိုရီးယားရုပ်သံ MBC က သတင်းဖော်ပြပြီးနောက် ကိုရီးယား Defense Acquisition Program Administration က မြန်မာစစ်တပ်ကို LPD တင်ပို့ရောင်းချတဲ့ကိစ္စအပေါ် “အလွန်စိတ်မကောင်း” ဖြစ်ရကြောင်း၊ တင်ပို့မှုစစ်ဆေးခြင်းလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ တင်ပို့မှု သဘောတူညီချက်တွေကို ချိုးဖောက်ထားတဲ့နိုင်ငံတွေကို အရေးယူနိုင်ရေး ဆွေးနွေးမှု လုပ်ဆောင်သွားဖို့ ကတိပြုကြောင်း ဖော်ပြထားတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေနဲ့ ပြင်ဆင်ရေးသားထားတဲ့ တင်ပို့ရောင်းချမှုလျှောက်လွှာကို ဘယ်လိုလက်ခံခဲ့ပြီး၊ မြန်မာစစ်တပ်ဆီ စစ်သင်္ဘောတစ်စင်း လွှဲပြောင်းပေးအပ်ဖို့ ဘယ်လိုခွင့်ပြုခဲ့တယ်ဆိုတာကို ဖြေရှင်းတာ မရှိပါဘူး။
မြန်မာ့ရေတပ်ပါဝင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေး လုပ်ဆောင်ပြီးနောက်ပိုင်း LPD သင်္ဘောကို မြန်မာနိုင်ငံဆီ လွှဲပြောင်းရောင်းချခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရေတပ်အဖွဲ့ဝင်တွေက ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ Posco International၊ Daesun Shipbuild-ing & Engineering တို့နဲ့အတူ ကျင်းပခဲ့တဲ့ သင်္ဘောရေချပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် တောင်းကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြပါတယ်။
အဲ့ဒီ LPD သင်္ဘောကို မင်းအောင်လှိုင် ပါဝင်တင်ရောက်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အခမ်းအနားတစ်ခုမှာ စစ်ရေယာဉ်မုတ္တမ (၁၅၀၁) အဖြစ် တပ်တော်ဝင်ခဲ့တယ်။ အခမ်းအနားဗွီဒီယိုရုပ်သံမှာ သင်္ဘောပေါ်မှာ စစ်သားတွေ၊ အထူးတပ်ဖွဲ့တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာလူသယ်ယာဉ်တွေ အပြည့်နဲ့ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့ ရှိနေတာကို တွေ့ရပြီး၊ အဲ့ဒီအချက်တွေက ဒီဇိုင်းစာရွက်စာတမ်းတွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။
အခုနှစ်အစောပိုင်းမှာ စစ်လက်နက်သတင်းတွေဖော်ပြတဲ့ Janes သတင်းစာက မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း သူရဲ့ စစ်သည်တွေ ဖြည့်တင်းမှုမှာ ပံ့ပိုးကူညီဖို့ မုတ္တမစစ်ရေယာဉ်ကို အသုံးပြုနေတဲ့အကြောင်း သတင်းရေးသားဖော်ပြခဲ့တယ်။ အဲ့ဒီစစ်သည်တွေက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ခဲ့ကြတာပါ။
မြန်မာစစ်တပ်ရဲ့ ကာလရှည်ကြာလက်တွဲနေတဲ့ စီးပွားရေး မိတ်ဖက်တစ်ဦးဖြစ်တဲ့ Posco International ဟာ ရွှေဓါတ်ငွေ့စီမံကိန်းကို ကြီးကြပ်လုပ်ကိုင်နေသလို တရုတ်နိုင်ငံကို ဓါတ်ငွေ့တင်ပို့တဲ့ ပိုက်လိုင်းစီမံကိန်းမှာလည်း ရင်းနှီးမြှုပ်နှံထားပြီး အဲ့ဒီစီမံကိန်းက မြန်မာစစ်ကောင်စီအတွက် အကြီးဆုံးနိုင်ငံခြားဝင်ငွေရင်းမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် Posco International ဟာ စစ်ထောက်ချုပ်ရုံးဆီက ငှားရမ်းထားတဲ့မြေနေရာမှာ ငှားရမ်းတည်ဆောက်လုပ်ကိုင်နေတဲ့ Lotte Hotel Yangon မှာလည်း အဓိကရင်းနှီးမြှုပ်နှံထားသူ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ Posco International ဟာ သူရဲ့ နာမည်ဟောင်း Daewoo International အနေနဲ့ မြန်မာစစ်တပ်၊ စစ်လက်နက်ထုတ်လုပ်ရေးအရာရှိချုပ်ရုံးရဲ့ အမြောက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရားမဝင် တင်ပို့ရောင်းချခဲ့ပါတယ်။
မြန်မာစစ်တပ်ကို LPD စစ်သင်္ဘောကို လွှဲပြောင်းရောင်းချမှုမှာ တာဝန်ရှိသူတွေကို အရေးယူတာဝန်ခံစေဖို့နဲ့ ကိုရီးယားကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီနေတာတွေကနေ တားဆီးကာကွယ်ဖို့အတွက် ကိုရီးယားအာဏာပိုင်တွေကို တောင်းဆိုပါတယ်လို့ Justice For Myanmar နဲ့ Korean Civil Society in Support of Democracy in Myanmar တို့ပူးတွဲထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။