ရန်ကုန်၊ အောက်တိုဘာ ၂၂
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ရန် ရှိနေသည့် နိုင်ငံ တော်သံဃာမဟာနာယကအဖွဲ့၏ ဩဝါဒခံယူပွဲ ရွှေတိဂုံစေတီရင်ပြင်တွင် လုံခြုံရေး စိတ်မချရ၍ စစ်တပ်၏ မင်းဓမ္မ ဓမ္မာရုံသို့ ချက်ချင်း ပြောင်းရွှ့ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
YMBA ခေါ် ဗုဒ္ဓကလျာဏယု၀အသင်းက ဦးဆောင်ပြုလုပ်သည့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ၏ ဩဝါဒခံယူပွဲကို မူလက ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဒရုန်းဖြင့် လာရောက် တိုက်ခိုက်နိုင်ခြင်း၊ အများသူငှာများ ရောနှောနေခြင်း အပါအဝင် လုံခြုံရေးစိုးရိမ်ချက်များကြောင့် ချက်ချင်းပင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ စစ်တပ်က ဆောက်လုပ်လှူဒါန်းထားသော သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်သို့ အားချင်း ပြောင်းရွှေ့ကျင်းပ ကြောင်း သိရှိရသည်။
“မူလက ဆရာတော်ကြီးတွေကို ဖိတ်တာက ရွှေတိဂုံစေတီတော်ရင်ပြင်တန်ဆောင်းမှာ ဖိတ်တာ။ နောက်တော့ လုံခြုံရေးစိတ်မချရလို့ စစ်တပ် မင်းဓမ္မ ဓမ္မာရုံကို ချက်ချင်းပြောင်းတာ။ ဆရာတော်ကြီးတွေကိုလည်း ချက်ချင်း အဲဒီကို ကြွခိုင်းတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
မင်းအောင်လှိုင်နှင့် YMBA အဖွဲ့က ပြုလုပ်သည့် ဩဝါဒခံယူပွဲသို့ ဆရာတော်ကြီးတချို့ တက်ရန် ငြင်းဆန်သော်လည်း အတင်းအကျပ် ပင့်ဆောင်ခံရကြောင်း၊ ငြင်းပယ်မရ၍ ဆရာတော်ကြီးတချို့က စိတ်လက်မကြည်မသာဖြင့် လက်ခံလိုက်ရကြောင်း သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်သည် YMBA အသင်း၏ နာယကအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။