ရန်ကုန်၊ အောက်တိုဘာ ၂၂
မန္တလေး၊ မတ္တရာမြို့နယ် သဖန်းဒေါင့်ကျေးရွာမှ စစ်တပ် သတင်းပေး ချဲဒိုင် အောင်နိုင်မင်းကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၂ ရက် ည ၉ နာရီအချိန်တွင် ယူနီကွန်း ပြောက်ကျားတပ်နှင့် SKY HERO-Madaya အဖွဲ့တို့မှ အောင်နိုင်မင်းကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် အောင်နိုင်မင်းကို သက်ညှာသော အားဖြင့် မိသားစုနှင့် အတူ လွတ်မြောက်နယ်မြေ တစ်ခုသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အောင်နိုင်မင်းက လက်မခံဘဲ ခုခံထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး သေနတ်ကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
အောင်နိုင်မင်း၏ ဖုန်းအတွင်းမှ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျောက် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို သွားရောက်ကြိုဆိုပြီး ဂါရဝပြုသော အသံဖိုင်များ၊ ဒလန်တစ်ဦးနှင့်ပေါင်းကာ စစ်တပ်အား ကူညီနေသော အသံဖိုင်များကိုလည်း ကာကွယ်ရေး တပ်ဖွဲ့များက ရရှိထားကြောင်း SKY HERO-Madaya အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် အောင်နိုင်မင်း ဖုန်းအတွင်းကို ဆက်လက် စစ်ဆေးရာ ငယ်တိုးကျေးရွာ သဖန်းဒေါင့်ကျေးရွာ အတွင်း ဓားပြတိုက်လုယက်နေသော သူခိုးဓားပြများ၏ အမည်များကိုပါ ဆက်လက်ရရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဦးပိန်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဦးပိန်သည် ပျူစောထီး ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ကျေးရွာသူ/သားများအား အနိုင်ကျင့်ဗိုလ်ကျ ခြိမ်းခြောက်နေသူတစ်ဦး ဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မတ္တရာမြို့နယ် သဖန်းဒေါင့်ကျေးရွာမှ စစ်တပ် သတင်းပေး ချဲဒိုင် အောင်နိုင်မင်း