ရန်ကုန်၊ အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် စစ်တပ်လက်အောက် ခံ BGF နယ်ခြားစောင့်များနှင့် BGF ဝတ်စုံဝတ်ဆင်ထားသော စစ်သား များ မြို့ကို လှည့်လည် ကင်းလှည့်ပြနေပြီး မြို့အသိမ်း ခံရမည်ကိုစိုးရိမ်၍ စစ်တပ်ဘက်က လုံခြုံရေး အလွန်အမင်းတိုးချနေကြောင်း မြ၀တီမြို့ခံများက ပြောသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၁ အောက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီမှစတင်ပြီး ခြေလျှင်စစ်ကြောင်းဖြင့် မြ၀တီမြို့ကို လှည့်ပတ် ကင်းလှည့်နေကြခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၁ ရက်မှစတင်၍ မြဝတီမြို့တွင် လုံခြုံရေး အထူးတင်းကျပ်ခဲ့ရာမှ ယနေ့ မြို့တွင်းတွင် ခြေလျှင်စစစ်ကြောင်းများဖြင့် စစ်ကောင်စီနှင့် BGF များက ကင်းလှည့်လာခြင်းဖြစ်သည်ဟု သိရှိရသည်။
” စစ်တပ်နဲ့ BGF က မြို့ကို ထိန်းထားနိုင်တယ် ဆိုတာမျိုး ပြသတဲ့ သဘောပေါ့ကွာ။ ကြိုဆိုတဲ့လူတွေ အယောင်ပြ ထည့်ပြီး မြို့က သူတို့ကို ထောက်ခံမှု ရှိတယ်ဆိုတဲ့ သဘော ဝါဒ ဖြန့်တာ ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သို့ ဆက်လက်ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသော်လည်း BGF တပ်ဖွဲ့နှင့်မူ တေ့တေ့ဆိုင်ဆိုင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း၊ BGF တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို လုံခြုံရေးယူ လိုက်ပါပို့ဆောင်ခြင်း၊ ကင်း လှည့်ခြင်းများသာ ရှိကြောင်း KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကော် သူးလေ Army နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ မြို့ပေါ်တွင် အချိန်အတော်ကြာ စီးနင်းခဲ့ပြီးနောက် မြ၀တီမြို့ကို စစ်တပ်နှင့် BGF ပူးပေါင်းလုံခြုံရေးယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကော့ကရိတ် အတိုက်ခံရပြီးကတည်း မြ၀တီက ခြောက်ကပ်သွားတာ။ မြို့ထဲ BGF ခြေလျှင်စစ်ကြောင်းတွေနဲ့ စစ်ခွေး တွေရောပဲ။ ကျောက်လုံးကြီးဘက်အခြမ်း ၊ ၂၇၅ တပ်ဘက်နား၊ အမှတ် ၁ တံတား ၊စျေးနား တွေမှာ စောင့်နေကြတယ်။ လာတိုက်မှာ စိုးလို့ ထင်ပါတယ်။ ကျောက်လုံးကြီးဘက်က အင်အား ပိုများတယ်။ ကင်းပုန်းတွေလည်း တစ်မြို့လုံး ပတ်ပတ်လည် လမ်းတွေရော ချောင် ကြိုချောင်ကြားတွေရောပဲ။ မြ၀တီအသိမ်းခံရမှာ ကြောက်လို့ လုံခြုံရေးတွေ တိုးပြီး ချတယ်လို့ ပြောကြတယ်” ဟု မြ၀တီဒေသခံက လက်ရှိ အခြေ အနေကို ရှင်းပြသည်။
ဓာတ်ပုံ- ယနေ့ မြ၀တီမြို့ထဲခြေလျှင် ကင်းလှည့်နေသည့် BGF စစ်ကြောင်း။
Photo- CJ