ရန်ကုန်၊ အောက်တိုဘာ ၂၃
ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ် ထိုင်းယူနစ်ရပ်ကွက်တွင် ကမ္ဘာမကြေရွှေညီကိုအသင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် PDF များထံ လက်နက်ထောက်ပံ့နိုင်ရန် အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေး အဖြစ်စတင်ပြောင်းလဲလာသည့်အချိန်မှစ၍ ကမ္ဘာမကြေရွှေညီကိုအသင်းမှ အပတ်စဥ်အလှူခံ၍ ရရှိလာသော အလှူငွေများကို PDF များထံ တစ်လလျှင် သေနတ် ၂ လက်မှ ၃ လက်အထိ ပုံမှန်ထောက်ပံ့လျှက်ရှိကြောင်း၊အပတ်စဥ် တနင်္ဂနွေ ရက်တိုင်း၌ အလှူခံဖြစ်ပြီး ပုံမှန် အလှူခံရငွေမှာ ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ရှိကြောင်း၊ ယခုအပတ်တွင်လည်း ၈၆၀၀၀ ကျော် ရရှိကြောင်း အဖွဲ့တာဝန်ခံ ကိုဇင်မင်း မှပြောဆိုသည်။